နိုင်ငံရေးသိပ္ပံပညာ အဆင်မြင့် သင်တန်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွင့်လှစ်မည်
ဟောင်ကောင် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတကာ ပညာရှင် ရှစ်ဦးဟာ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှာ ပထမဆုံး အကြိမ် နိုင်ငံရေးသိပ္ပံ ပညာရပ် သင်တန်း လာရောက်ပို့ချမှာ ဖြစ်တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဒီကနေ့ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
-
2011-05-31 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့် အဖွဲ့ဝင်များကို ၂၀ဝ၈ မေလ ၂၇ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ကိုက်ညီတဲ့ ခေါင်းစဉ်တွေကိုလည်း ပညာရှင်တွေက ရွေးချယ် ပို့ချသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
"ရည်ရွယ်ချက်ကတော့ အထွေထွေ အတွင်းရေးမှူး လွတ်လာပြီး ကတဲက အဖွဲ့ချုပ်မှာ လူငယ်တွေရော အဖွဲ့ဝင်တွေရောကို အရည်အချင်း မြှင့်တင်ဖို့ပေါ့၊ အဲဒီလို အစီအစဉ်တွေနဲ့ political science နဲ့ ပတ်သက်တဲ့ အဆင့်မြင့် သင်တန်းတခု ဒါ ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။ ဟောင်ကောင် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင်က ကူညီပေးတာ ဖြစ်ပါတယ်။ ခေါင်းစဉ်တွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ၊ ဘာသာရပ်ဆိုင်ရာ တွေးခေါ်ပုံများ၊ သူတေသန ပြုလုပ်နည်းများ၊ အရှေ့တောင်အာရှ နိုင်ငံများ၏ နိုင်ငံတကာ ဆက်ဆံရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး (good governance) စတဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။"
သင်တန်းကို ဇွန်လ (၂၀) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ ဖွင့်လှစ်မှာ ဖြစ်ပြီး ပြည်နယ်၊ တိုင်းအလိုက် အဖွဲ့ဝင် လေးဦးစီ ရွေးချယ် စေလွှတ်ဖို့ သင်တန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဒီကနေ့မှာ ကြိုတင် ကြေညာလိုက်တာလို့
ဦးအုန်းကြိုင်က ပြောပါတယ်။
သင်တန်းမှာ လာရောက်ပို့ချမယ့် ပညာရှင်တွေဟာ ဟောင်ကောင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံ တက္ကသိုလ်တွေက ပါမောက္ခတွေ ဖြစ်ပြီး အင်္ဂလိပ်လို ဟောပြော ပို့ချမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာသာပြန် အနေနဲ့ NLD
အဖွဲ့ဝင် ပညာရှင်တွေက ဆောင်ရွက်ပေးမယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်။