မွန်ပြည်သစ်ပါတီ အကောက်ခွန် ဂိတ်နှစ်ခု တပ်မတော် ဖယ်ရှား
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့ရဲ့ အကောက်ခွန် ဂိတ် စခန်းနှစ်ခုကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတဲ့ အတွက် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ မနေ့က ဖယ်ရှားပေး လိုက်ရတယ်လို့ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကုန်းမှာ ရှိတဲ့ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးတာဝန်ခံ နိုင်စိုက်ရော့ က ပြောပါတယ်။
-
2017-02-14 -
-
-
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့ရဲ့ အကောက်ခွန် ဂိတ်စခန်းနှစ်ခုကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတဲ့အတွက် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ မနေ့က ဖယ်ရှားပေး လိုက်ရတယ်လို့ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကုန်းမှာရှိတဲ့ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးတာဝန် ခံ နိုင်စိုက်ရော့ က ပြောပါတယ်။
ဖယ်ရှားပေးလိုက်ရတဲ့ ဂိတ်စခန်းတွေကတော့ ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းမပေါ်မှာရှိတဲ့ ဘုရားသုံးဆူ မြို့အထွက်နားက ဘုရားတောင်ဂိတ်စခန်းနဲ့ သံဖြူဇရပ်မြို့အဝင်မှာရှိတဲ့ ဇီးနှစ်ပင်ဂိတ်စခန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဘုရားသုံးဆူမြို့အထွက်မှာရှိတဲ့ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့က ဖွင့်ထားတဲ့ ဘုရားတောင်ဂိတ် စခန်းကို ဖယ်ရှားပေးဖို့ ဘုရားသုံးဆူမြို့နယ်မှာရှိတဲ့ နယ်မြေခံအစိုးရတပ်မတော်တာဝန်ရှိသူတွေ က ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းမှာ အကြောင်းကြားလာပြီးနောက် မိနစ်ပိုင်းအတွင်းမှာ တပ်မတော်က လာရောက်နေရာယူ လိုက်တာ ဖြစ်တယ်လို့ နိုင်စိုက်ရော့ က အတည်ပြု ပြောဆိုပါတယ်။
အလားတူ ဘုရားသုံးဆူ - သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့ရဲ့ အကောက်ခွန် ဂိတ်တစ်ခုဖြစ်တဲ့ သံဖြူဇရပ်မြို့အဝင် ဇီးနှစ်ပင်ဂိတ်စခန်းကိုလည်း အစိုးရတပ်မတော်က ဖယ်ရှားခိုင်းလာ တဲ့အတွက် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ဖယ်ရှားပေးလိုက်ရပြီး အမှတ် ၂၄ ခြေလျင်တပ်ရင်းက လာရောက်နေရာယူထားတယ်လို့ သိရပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်စခန်းတွေကို အခုလို ဖယ်ရှားခိုင်းတာဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကုန်းရပ်ကွက်မှာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ အခမ်းအနား မှာ ပြည်နယ်အစိုးရက တားမြစ်ထားတဲ့ လက်နက်နဲ့ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့တဲ့အပေါ် အခုလို လုပ်ဆောင်လာတာဖြစ်တယ်လို့ နိုင်စိုက်ရော့ က ပြောပါတယ်။
ဂိတ်စခန်းတွေဖွင့်လှစ်ခဲ့ပြီး အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတာဟာလည်း အခုတစ်ကြိမ်ဟာ ပထမဦးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ် ဖယ်ရှားခံလိုက်ရတဲ့ အကောက်ခွန်ဂိတ်တွေမှာ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ ပြန်လည်နေထိုင်ခွင့်ရဖို့အတွက် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး မွန်ပြည်သစ်ပါတီ NMSP က တာဝန်ရှိသူတွေလည်း ပြေလည်မှုရရှိအောင် ဆောင်ရွက်ဖို့ အဖွဲ့တွင်း စည်းဝေးနေကြတယ်လို့ သိရပါတယ်။