တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ထပ်မဖြစ်ပွားရေး မွန်ပြည်သစ်ပါတီ နဲ့ KNU သဘောတူညီမှုရရှိ


2017.01.25
nmsp-620.jpg မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

တနင်္သာရီတိုင်းဒေသကြီး လက်နက်ကိုင်ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် အသီးသီးတာဝန်ယူကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ ဒီကနေ့ ညနေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူဆုံးဖြတ်လိုက်ပါတယ်။

ရေဖြူမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာမှာ အချက် နှစ်ချက်ကို သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထားဝယ်ခရိုင် အတွင်းရေးမှူး နိုင်ထောရော့ က ပြောပါတယ်။

"အချက်နှစ်ချက်ကို ကျနော်တို့ ရခဲ့တာပေါ့။ ပထမအချက်က ပြည်သူလူထုတွေ အေးချမ်းသာယာစွာ သွားလာနေထိုင်ဖို့အတွက် ပိတ်ပင်တားဆီးမှု မလုပ်ရဘူး။ နောက်တစ်ချက်က လက်ရှိဖြစ်နေတဲ့ တိုက်ပွဲကိစ္စ ကို သေနတ်သံ ဆက်ပြီး မကြားချင်ဘူး။ ဆက်ပြီးတော့ တိုက်ပွဲ မဖြစ်စေချင်ဘူး။ အဲဒါ သူ့ဘက်ကိုယ့်ဘက် ထိန်းထိန်းသိမ်းသိမ်း တာဝန်ယူဖို့။ ဒီအချက်လေးတွေကို ရခဲ့တာပေါ့။ အဓိက ကျနော်တို့ ဆုံးဖြတ်ချက်ဘက နှုတ်နဲ့ပဲ။ နှစ်ချက်ပေါ့။"

လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားမှာလည်း နှစ်ဖက်တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံကြဖို့ သဘောတူခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီနဲ့ KNU ရဲ့ ထားဝယ်ခရိုင်တာဝန်ရှိသူတွေနဲ့ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းမှာ နယ်နိမိတ် အငြင်းပွားမှုနဲ့ပတ်သက်ပြီး အစိုးရနဲ့ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မွန်ပြည်သစ်ပါတီနဲ့ အပစ်ရပ် လက်မှတ် ရေးထိုးပြီးသား KNU တို့ကြား ၂၀၁၆ ခုနှစ် အောက်တိုဘာလကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နယ်နိမိတ်အငြင်းပွားတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် နှစ်ဖက်ညှိနှိုင်းရေးကော်မတီကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပူးတွဲဖွဲ့စည်းခဲ့ပေမယ့်လည်း အခုလ ၁၂ ရက်နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ KNU တပ်ရင်း ၁၆ အကြား ပစ်ခတ်မှုထပ်ဖြစ်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။