မွန်ပြည်သစ်နဲ့ ကေအန်ယူ ပစ်ခတ်မှုဖြစ်ပွား


2018.03.04
nmsp-soldier-622.jpg မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတာကို တွေ့ရစဉ်
Photo: RFA

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးမှာ မွန်ပြည်သစ်ပါတီ နဲ့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတို့ ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အလယ်စခန်းကျေးရွာက ရွာသား ၄၀လောက်ကို ဖမ်းထားတယ်ကြားလို့ လိုက်ကြည့်ရာကနေ ၁၀ မိနစ်လောက် ပစ်ခတ်မှုဖြစ်သွားတာလို့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦး နိုင်ဉာဏ်ထွန်း က ပြောပါတယ်။

"ခဏပဲ ထိပ်တိုက်တွေ့ဖြစ်ပြီးမှ တိုက်ပွဲ ၁ဝ မိနစ်လောက်ဖြစ်တယ်လေ၊ နှစ်ဘက်စလုံးထိခိုက်မှု ဘာမှမရှိဘူး၊ ကျနော်တို့အပိုင်းကျတော့ ဗဟိုကိုတင်ပြထားပြီးပြီ၊ သူတို့အပိုင်းကျလည်း သူတို့တာဝန်ရှိတဲ့ ဆက်ဆံရေးရုံးကိုလည်း ကျနော်တို့ ပြောထားတာရှိတယ်၊ ဒီကနေ့ ဒီလိုဖြစ်တယ်၊ နောက်ထပ်ဒီလို မဖြစ်ဖို့ ကျနော်တို့ဘက်ခြမ်းက ပြောထားတာရှိတယ်လေ၊ သူတို့ KNU ဆက်ဆံရေးရုံး ထားဝယ် ဘက်ခြမ်းမှာရှိတယ်၊ နောက်ကျနော်တို့ အထက်လူကြီးဗဟိုကိုလည်း တင်ပြထားပြီးဖြစ်တယ်၊ ဒီကိစ္စ အခြေအနေအားလုံးကို"

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်မဟာ (၄) ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင် က အောက်ခြေတပ်တွေ ပစ်ခတ်မှုဖြစ်တာကို ကြားသိရပြီး အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ် လို့ ပြောပါတယ်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ ဖမ်းဆီးခံထားရတဲ့ ရွာသား ၄၀လောက် ပြန်လွတ်လာ ပြီဖြစ်ပြီး အဲဒီရွာသားတွေ ပြောပြချက်အရ ကေအန်ယူက ဖမ်းဆီးထားတာဖြစ်ကြောင်း သိရတယ် လို့ နိုင်ဉာဏ်ထွန်း က ပြောပါတယ်။ မနေ့ ညနေပိုင်းက ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာသား ၄၀ လောက်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦး က ပြောပါတယ်။

ကေအန်ယူ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ကတော့ သူတို့အနေနဲ့ ရွာသားတွေကို ဖမ်းဆီးတာမရှိကြောင်းနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်ကတည်းက ကေအန်ယူတပ်သားတွေကို မွန်ပြည်သစ်ပါတီဘက်က လာရောက်ပစ်ခတ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်က သစ်ခိုးထုတ်နေတယ်ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို မွန်ပြည်သစ်ပါတီက လိုက်လံ ဖမ်းဆီးရင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောထားပါတယ်။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းနယ်စပ်ဖြစ်တဲ့ ရေဖြူမြို့နယ်အတွင်းမှာ မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့ဟာ နယ်မြေအငြင်းပွားမှုနဲ့ မကြာခဏ ပစ်ခတ်မှုဖြစ်ပွားတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲနှစ် ဇန်နဝါရီလအတွင်းကလည်း ရေဖြူမြို့နယ်ထဲမှာ မွန်ပြည်သစ်ပါတီနဲ့ KNU တို့အကြား နယ်မြေအငြင်းပွား မှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာ နှစ်ဖက်ပူးတွဲညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။