ပြည်တွင်းစစ်တွေရပ်စဲပြီး ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ တောင်းဆိုတာဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် WLB အဖွဲ့က မခင်လေးက ပြောပါတယ်။
အမျိုးသမီးအရေးလှုပ်ရှားနေသူ တစ်ရာလောက်က "No Women No Peace" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ် လမ်းလျှောက်ကြကာ ပြည်တွင်းငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ Women Organization Network (WON) နဲ့ Win Peace အဖွဲ့မှာပါဝင်တဲ့ အမျိုးသမီးအရေးလှုပ်ရှားနေသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး အဆိုတော် စောဖိုးခွားနဲ့ ကဗျာဆရာတွေကလည်း ငြိမ်းချမ်းရေးတေးသီချင်းနဲ့ ကဗျာတွေ သီဆိုခဲ့ကြပါတယ်။