မြန်မာနိုင်ငံသွားတဲ့ မြောက်ကိုရီးယားသင်္ဘော အမေရိကန် ရေတပ်က တားဆီး

ဒုံးကျည်လက်နက်တွေ သယ်ဆောင်လာတယ်လို့ သံသယ ဖြစ်စရာရှိတဲ့ မြန်မာနိုင်ငံကို သွားမယ့် မြောက်ကိုးရီးယား သင်္ဘော တစ်စီးကို အမေရိကန် ရေတပ်က တားဆီး နိုင်ခဲ့တယ်လို့ အမေရိကန် အဆင့်မြင့် ထိပ်တန်း အရာရှိတဦးက ဒီကနေ့ပြောကြားလိုက်ပါတယ်။

2011.06.13
north_korean_vessel_kang_nam_305_z.jpg ၂ဝဝ၇ ခုနှစ် မေလ ၂၁ ရက်နေ့က မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြောက်ကိုရီးယားသင်္ဘော Kang Nam သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ်။ (Photo: AFP)
AFP

မေလ (၂၆) ရက်နေ့က တရုတ်နိုင်ငံ ရှန့်ဟိုင်းမြို့ဘက် တောင်တရုတ် ပင်လယ်ပြင်မှာ အမေရိကန် ရေတပ်က ဌာနေ နိုင်ငံကို ပြန်ခုတ်မောင်းဖို့ ဖိအားပေးခဲ့ ပြီးတဲ့နောက် မြောက်ကိုးရီးယား နိုင်ငံကို ပြန်လှည့် ခုတ်မောင်းသွားတယ် လို့ လက်နက် ထိမ်းချုပ်ရေးနဲ့ ဖျက်အားပြင်း လက်နက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Gary Samore က ဆိုပါတယ်။

သူရဲ့ တောင်ကိုးရီးယား နိုင်ငံ ခရီးစဉ် အတွင်း Yonhap သတင်းဌာနနဲ့မေးမြန်းခန်းမှာ ထုတ်ဖေါ်ပြောလိုက်တာပါ။

ဒီသတင်းကြောင့် မြောက်ကိုးရီးယား နိုင်ငံဟာ မြန်မာကို လက်နက်တွေ ရောင်းချနေတယ် ဆိုတာ ပိုပြီး ခိုင်လုံသွားတယ်လို့ စစ်လက်နက် ဆိုင်ရာ တောင်ကိုးရီးယား ပညာရှင်အဖွဲ့က ပြောဆိုလိုက်တဲ့ အကြောင်း ဒေသထုတ် သတင်း မီဒီယာတွေမှာ ရေးသား ဖေါ်ပြထားတာကို ဖတ်ရတဲ့ တောင်ကိုးရီးယား အခြေစိုက် အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်စွာလင်းက ပြောပါတယ်။

"သူတို့ ပြောထားတာက မြောက်ကိုရီးယားက missile ရယ်၊ နျူကလီးယာ လက်နက်ရယ်၊ လက်နက် ပစ္စည်းတွေရယ် အဲဒါတွေကို မြန်မာပြည်ကို တင်ပို့နေတယ်ဆိုတာကို တိတိကျကျ ယုံကြည်ထားတယ် ပေါ့လေ။ ၂၀၀၉ တုံးက တခေါက်ရှိတယ်။ အခု တခေါက်။ ဒီနှစ်ခေါက်စလုံးက တူတူဘဲ။ ဒါကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားနဲ့ မြန်မာ လက်နက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ လုံး၀ ဆက်စပ်မှုရှိတယ်ဆိုပြီးတော့ အပြည်ပြည်ဆိုင်ရာကို သက်သေ ပြနိုင်တဲ့ အထောက်အထားတခု ဖြစ်ပါတယ် ဆိုပြီးတော့ သူတို့က ပြောထားတယ်။"

ပြီးခဲ့တဲ့ လကုန်ပိုင်းက M/V Light အမည်ရှိတဲ့ မြောက်ကိုးရီးယား ကုန်တင် သင်္ဘောမှာ ဒုံးကျည် လက်နက် အသေးစားတွေနဲ့ဆက်စပ်နေတဲ့ စစ်ဘက် ဆိုင်ရာ ပစ္စည်းတွေ တင်ဆောင်လာပြီး မြန်မာနိုင်ငံဘက်ကို ဦးတည် ခုတ်မောင်းနေတယ်လို့ အမေရိကန် ရေတပ်က ယူဆခဲ့ပါတယ်။

ဒီသင်္ဘောနဲ့ပတ်သက်လို့ မြောက်ကိုးရီးယားကိုလည်း တိုက်ရိုက် ဆက်သွယ် မေးမြန်းခဲ့သလို မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ ကိုလည်း သင်္ဘော ဆိုက်ကပ်လာတာနဲ့ ချက်ခြင်း စုံစမ်း စစ်ဆေးဖို့ အမေရိကန်ဘက်က ကြိုတင် အကြောင်းကြားခဲ့တယ်လို့ Mr. Samore က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ နဲ့ အညီ အမေရိကန် ရေတပ်ကနေ ဒီသင်္ဘောကို တရုတ်နိုင်ငံ ရှန့်ဟိုင်းမြို့ဘက် တောင်တရုတ် ပင်လယ်ပြင်မှာ တက်ရောက် စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ မြောက်ကိုရီးယား သင်္ဘောက ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံဘက်ကို လှည့်ပြန်သွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။