မြောက်ပိုင်း လေးဖွဲ့နဲ့ တေ့ွဆုံပွဲ တပ်မတော် တက်ရောက်မည်


2019.05.23
northern-alliance-pc-apr30-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Kan Thar/RFA

မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတွေ တွေ့ဆုံပြီး တစ်ဖွဲ့ချင်းစီလိုက် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ဆွေးနွေးမယ့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာ တပ်မတော် ပါဝင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ တွေ့ဆုံမယ့်နေရာနဲ့ ရက်ကိုညှိနှိုင်းနေတယ်လို့ သိရကြောင်း၊ တပ်မတော်က ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကိုတော့ မပြောနိုင်သေးကြောင်း သူက ပြောပါတယ်။

NRPC  ဘက်က ရန်ကုန်၊ နေပြည်တော်၊ လားရှိုးနဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ တွေ့ဆုံဖို့ သဘောထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်လိုတဲ့ဆန္ဒရှိနေတာကြောင့် ညှိနှိုင်းမရဖြစ်နေတာလို့ သိရပါတယ်။

လုံခြုံရေးအခြေအနေအရ တိုင်းရင်းသားအဖွဲ့တွေက မူဆယ်မြို့မှာတွေ့လိုပြီး အစိုးရဘက်က နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ တွေ့ဆုံလိုတာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်းအောင် က RFA ကို ပြောထားပါတယ်။

ဒါ့ကြောင့် မူလတွေ့ဆုံဖို့ စီစဉ်ထားတဲ့ မေ ၂၄ ရက်နေ့ကို ရွှေ့ဆိုင်းရမယ့် အခြေအနေတွေဖြစ်နေတာလို့ ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။

“နေရာက အတည်မပြုနိုင်လို့ ပြင်ဆင်ရမယ့်အချိန်တွေလိုနေတော့ ရက်ပြောင်းရမယ့် အနေအထားတွေ ဖြစ်နေတယ်။ နှစ်ဖက်ကလည်း သူတို့လုံခြုံရေးနဲ့သူတို့ ပြန်စဉ်းစားလာတဲ့ အနေအထားတွေ ဖြစ်နေတယ်။ တဖက်ကလည်း နယ်စပ်မှာ တဖက်ကလည်း အတွင်းပိုင်းမှာ အဲလိုမျိုးတွေ ဖြစ်လာတော့ အဲဒါကို ညှိနှိုင်းနေ ဆဲပဲပေါ့။ တတိယနိုင်ငံတနိုင်ငံက သူတို့ရဲ့ လုံခြုံရေးအာမခံပြီး လာတာမျိုးတွေ ဖြစ်လာနိုင်တော့ အစိုးရအနေနဲ့ ကလည်း အဲလိုမလိုဘူးဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ လုံခြုံရေး တည်ဆောက်နေတဲ့ အချိန်ပဲဖြစ် တဲ့အခါ လက်မှတ်မရေးထိုးရသေးတော့ လက်နက်ကိုင်ဘက်ကလည်း ထိပ်သီးပိုင်းတွေပါလာမှာဖြစ်တဲ့အတွက် အတွင်းပိုင်းကို မလာနိုင်သေးဘူးဆိုတဲ့ အပိုင်းတွေရှိနေတယ်။”

နေရာနဲ့ အချိန်ကို ပြန်ညှိနေပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ တပ်မတော်ဘက်က တက်ရောက်မယ့် အနေအထားရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

“နေရာနဲ့ အချိန်တွေပြန်ညှိနေရတယ်လို့တော့ သိရတယ်။ ကျနော်ပြောနိုင်တာကတော့ တပ်မတော်ဘက်က တက်ရောက်ဖြစ်မယ်ဆိုတဲ့ အနေအထားတော့ အကြမ်းဖျဉ်းသိရတာတော့ရှိတယ်။ ပါလာနိုင်တဲ့အနေ အထားတော့ ရှိတယ်လို့ သိရတယ်။ Bilateral ထိုးဖြစ်မလားဆိုတာတော့ မပြောနိုင်သေးဘူး။ ဟိုတခေါက်က မူကြမ်းတွေတော့ ပေးလိုက်တယ်သိရတယ်။ ထိုးဖြစ်မထိုးဖြစ် ဖြစ်နိုင် မဖြစ်နိုင်တော့ ကျနော်တော့ မပြောနိုင်သေးပါဘူး။  ”

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံခဲ့တဲ့ ပထမအကြိမ်တွေ့ဆုံပွဲမှာ မြောက်ပိုင်း အဖွဲ့ ၄ ဖွဲ့က ပဏာမအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီရဲ့ အဆိုပြုချက်တွေကို NRPC ကို ပေးခဲ့ပါတယ်။

မူဆယ်မှာတွေ့ခဲ့တဲ့ ပွဲကိုတော့ တပ်မတော်ဘက်က လာရောက်ခဲ့တာမရှိပါဘူး။

ဒီတစ်ကြိမ်တွေ့ဆုံပွဲမှာတော့ တပ်မတော်ဘက်က ပါလာနိုင်ချေများတဲ့အတွက် နှစ်ဖက်အဆင်ပြေနိုင်မယ့် နေရာကို ညှိနေကြတာလည်း ဖြစ်ပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်မလားဆိုတဲ့ အပေါ် ရခိုင်တပ်မတော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက

“ပြောလို့မရသေးဘူးခင်ဗျ။ Bilateral ထိုးဖြစ်မလားမထိုးဖြစ်ဘူးလားဆိုတာကတော့ ဆွေးနွေးပွဲပေါ်ပဲ မူတည်တာပေါ့နော်။ ဆွေးနွေးပွဲပြီးမှပဲ ပြောလို့ရမှာပေါ့။ ဆွေးနွေးပွဲပြီးမှပဲ သူတို့ဘက်ကဘာပြောလာမလည်း ကိုယ်ဘက်က ဘာပြောမလည်း ပြောပြီးမှ ပြောလို့ရမယ်။ အခုလောလောဆယ် ကြိုတင်ပြောဖို့က နည်းနည်း ခက်တယ်။

တစ်ဖွဲ့ချင်းစီအလိုက် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်ကို မြောက်ပိုင်းအဖွဲ့အားလုံး တချိန်တည်း လက်မှတ်ရေးထိုးလိုတဲ့ ဆန္ဒရှိတယ်လို့ တအာင်းလွတ်မြောက်ရေး တပ်မတော်က ဗိုလ်မှုး မိုင်းအိုက် ကျော် က ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲကို အရင်ရပ်ဖို့လိုတယ်။ ကျနော်တို့ ၄ ဖွဲ့ရဲ့ သဘောထားကလည်း ထိုးမယ်ဆိုရင် ၄ ဖွဲ့လုံး တရက်တည်း တပြိုင်တည်းထိုးမယ်။ အဲ့လိုမျိုး သဘောထားကို ပေးထားတာဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေးအတွက် ဘုံအားဖြင့်ကတော့ သဘောတူညီနိုင်တယ်။ တပ်ပိုင်းဆိုင်ရာကိစ္စကတော့ သူနယ်မြေနဲ့သူ တဖွဲ့ချင်းစီကတော့ ကွဲပြားနိုင်တာပေါ့။”

တိုင်းရင်းသားတွေဘက်ကတော့ အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ချက်ချနိုင်မယ့် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိတယ်လို့ ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။