ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပပေးဖို့ နော်ဝေ အစိုးရကို တိုက်တွန်း


2014.11.30
borge-brende-305 နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Borge Brende ကိုတွေ့ရစဉ်
Photo: middleeastmonitor.com

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သုံးပွင့်ဆိုင် ဖိတ်ခေါ် ပြီး နော်ဝေနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပပေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Borge Brende ဘော့ဂါ ဘရင်န်ဒါ ကို ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr Brende နဲ့ ကရင် အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ တို့ ပဲခူးမြို့မှာ သီးသန့်တွေ့ဆုံရာမှာ အခု လိုတောင်းဆိုခဲ့တာဖြစ်တယ်လို့ ချင်းအမျိုးသား တပ်ဦးက လက်ထောက်အတွင်းရေးမှူး ဒေါက် တာရွှေခါး က ပြောပါတယ်။

"ကျနော်တို့က မနှစ်တုန်းက ငြိမ်းချမ်းရေးဖိုရမ်ဆိုပြီးတော့ လုပ်ပြီးတော့ အစိုးရအဖွဲ့တွေကော တိုင်းရင်းသား တချို့အဖွဲ့တွေကိုဖိတ်ပြီးတော့ လုပ်တဲ့ဟာတွေရှိတာပေါ့၊ အဲ့ဒီဟာကိုလည်း ဖြစ်နိုင် လို့ရှိရင် ဒီနေ့ဒီအချိန်မှာက စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ ပိုပြီးတော့ ယုံကြည်မှှုတွေ လွဲတဲ့အတွက်ကြောင့် အဲ့ဒါမျိုး ငြိမ်းချမ်းရေးဖိုရမ်လုပ်ပြီးတော့ စစ်တပ်ဖက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကရော ဖိတ်ပြီးတော့ ငြိမ်းချမ်းဖိုရမ်မှာ ဖိတ်ပြီးတော့လုပ်ပေးစေ ချင်တယ် ဆိုတဲ့ဟာကို အဲ့ဒါကိုအဓိက ပြောပြတာပေါ့နော်၊ တော်တော်လေး စိတ်ဝင်စားတဲ့ ပုံပေါ်ပါတယ်"

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ထိုးနိုင်ဖို့နဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ကျင်းပမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ နော်ဝေ နိုင်ငံအနေ နဲ့ စောင့်ကြည့်သူအဖြစ် ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

နော်ဝေ နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပတဲ့အခါ တပ်မတော်အနေနဲ့ တက်ရောက်နိုင်မယ့် အခြေအနေရှိ မရှိနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အစိုးရက ဖိတ်ခေါ်တဲ့အခါ လေ့လာသူအဖြစ် ပါဝင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ ဒေါက်တာ ရွှေခါးက ဆိုပါတယ်။

နော်ဝေ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ကူညီသွားမှာဖြစ်တယ်လို့ ဒီနေ့ တွေ့ဆုံပွဲမှာ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။