အခြေခံဥပဒေ ပေါ်ပေါက်ရေး NUCC လုပ်ငန်းကော်မတီဖွဲ့
ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲနိုင်ဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းလုပ်ဆောင်နေပြီး နိုင်ငံတကာဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကိုလည်း လေ့လာနေ တယ်လို့ အထွေထွေသပိတ်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဖွဲ့စည်းအခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအနေနဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါရမယ့်မူဝါဒတွေ အခြေခံ အခွင့်အရေးတွေနဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံ စတာတွေကို ဆွေးနွေးလုပ်ဆောင်နေပြီလို့ ပြည်သူ့ညီလာခံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အထွေထွေသပိတ် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီက ဦးတိုးကျော်လှိုင် က ပြောပါတယ်။
လက်ရှိ NUCC လုပ်ဆောင်နေတဲ့ ဖက်ဒရယ်ပုံစည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ဖို့အတွက် ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယမူကြမ်းကို ပြန်လည်ကိုးကားလေ့လာနေတယ် လို့လည်း ဆိုပါတယ်။
ပြည်သူ့ညီလာခံကနေ အချက် ၁ဝ ချက် ထုတ်ပြန်ခဲ့ပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC မှာ အရေးယူနိုင်အောင် ကြိုးပမ်းဆောင်သွားမယ် ဆိုတဲ့အချက် ပါဝင်ပါတယ်။
ဒါ့အပြင် စစ်တပ်က အင်အားအလွန်အကျွံသုံးပြီး မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေးတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေတာတွေကနေ အကာအကွယ်ပေးနိုင်ဖို့အတွက် အရေးပေါ် လိုအပ်ချက်အရ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ နိုင်ငံတကာ အာမခံမှုနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးတဲ့ လုံခြုံတဲ့နေရာတွေ သတ်မှတ်ဖော်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုလည်း ထည့်သွင်းတောင်းဆိုထား ပါတယ်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က ဦးဆောင်ကျင်းပတဲ့ ပထမဆုံး အကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။