စစ်တပ်ကို နိုင်ငံရေးကဖယ်ရှားရေး အပါအဝင် ရပ်တည်ချက်ခြောက်ရပ် NUCC နဲ့ NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က စစ်တပ်နိုင်ငံရေးမှာ ပါဝင်မှုကို ထာဝရ အဆုံးသတ်ရေး အပါအဝင် နိုင်ငံရေးသဘောထား ရပ်တည်ချက်ခြောက်ချက်ကို သြဂုတ်လ ၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာ အပါအဝင် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးနောက် ဇူလိုင်လ ၃၁ ရက်မှာ NUCC နဲ့ NUG တို့အကြား အထူးအစည်းအဝေး ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးအပြီး အခုလို နိုင်ငံရေးသဘောထားရပ်တည်ချက် ခြောက်ရပ်ကို ပူးတွဲထုတ်ပြန်လိုက်တာပါ။

ဒီရပ်တည်ချက်တွေထဲမှာ လက်နက်ကိုင် တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဆက်လက် ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲမဟုတ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာသိမ်းအလေ့အထနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို ထာဝရအဆုံးသတ်ချုပ်ငြိမ်းရေး၊ အစိုးရစီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာပြီး ပြည်ပရန် ကာကွယ်ရေး တာဝန်ကိုပဲ ထမ်းရွက်မယ့် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်ရေးတို့ ပါဝင်ပါတယ်။

အဲဒီအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး နောက်ဆုံးပန်းတိုင်ရောက်တဲ့အထိ စုပေါင်းခေါင်းဆောင်မှုနဲ့ ဆက်လက်ဆောင်ရွက်ရေး၊ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေး ရည်မှန်းချက်ကို လမ်းလွဲစေတဲ့ ဘယ်နိုင်ငံရေး အခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ရေးတို့ ဖြစ်ပါတယ်။