NUG ဝန်ကြီးဒေါ်ဇင်မာအောင် RFA ရုံးချုပ်ကို လုံခြုံရေးအပြည့်နဲ့ရောက်လာ
RFA ရဲ့ အရှေ့တောင်အာရှ ညွန်ကြားရေးမှူး Matthew Pennington မှ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို တွေ့ဆုံမေးမြန်းနေစဉ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့လည်ပိုင်းမှာ ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်ကို လာရောက်ပြီး သီးသန့်အင်တာဗျူး ပေးခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရရဲ့ လုံခြုံရေးအစီအစဉ်အပြည့်နဲ့ လာရောက်ခဲ့တာပါ။ ဒေါ်ဇင်မာအောင် ရောက်မလာခင် တစ်နာရီလောက်အလိုမှာ RFA ရုံးချုပ်ကို အမေရိကန်နိုင်ငံခြားရေးဌာန လုံခြုံရေးအဖွဲ့ ရောက်လာပြီး ဝင်ရောက်မယ့်လမ်းကြောင်း၊ သွားလာမယ့်နေရာတွေ၊ နားနေခန်း၊ အင်တာဗျူး စတူဒီယိုခန်း၊ အင်တာဗျူးပြုလုပ်နေစဉ်အတွင်း လိုက်ပါလာသူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ နေရာယူမယ့်အခန်း… စသဖြင့် အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အင်တာဗျူးပြုလုပ်နေစဉ်အတွင်း လုံခြုံရေးအရာရှိတွေက စတူဒီယိုအပြင်ဘက် မှန်ပြူတင်းကတစ်ဆင့် စောင့်ကြည့်ခဲ့ကြပါတယ်။ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို နိုင်ငံခြားတိုင်းပြည်တစ်ခုက လာရောက်တဲ့ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတာဝန်ယူထားတာကို တွေ့ရပါတယ်။
ဝါရှင်တန်ဒီစီကို မေလ ၁၁ ရက်နေ့က ရောက်လာတဲ့ ဒေါ်ဇင်မာအောင်ဟာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းအပါအဝင် အမေရိကန် အစိုးရထိပ်တန်း ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်အစိုးရပိုင်းအပြင် အရေးပါတဲ့ လွှတ်တော်အမတ်တွေနဲ့ ဆက်လက်တွေ့ဆုံဖို့ ရှိသလို အာဆီယံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA ရဲ့ အရှေ့တောင်အာရှ ညွန်ကြားရေးမှူး Matthew Pennington နဲ့ မြန်မာပိုင်းဌာန အကြီးတန်းအယ်ဒီတာ ဦးခင်မောင်စိုးတို့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ NUG အစိုးရအပေါ် အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား၊ စစ်ကောင်စီကို နိုင်ငံတကာရဲ့ ဝိုင်းပယ်ထားမှု၊ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုးတက်မှု… စတဲ့အချက်တွေကို မေးမြန်းခဲ့ပြီး RFA က လာမယ့်အချိန်အနည်းငယ်အတွင်း ထုတ်လွှင့်ပေးဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ်။










