စစ်ကောင်စီကို နိုင်ငံနဲ့ ပြည်သူလူထု ရန်သူအဖြစ် NUG ကြေညာ

RFA Burmese
2024.09.05
စစ်ကောင်စီကို နိုင်ငံနဲ့ ပြည်သူလူထု ရန်သူအဖြစ် NUG ကြေညာ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အခမ်းအနားတစ်ခု တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

ပြည်သူတွေကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ရည်ရွယ်ပြီး အတင်းဓမ္မတိုက်ပွဲဝင်ခိုင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို နိုင်ငံနဲ့ ပြည်သူလူထုရဲ့ရန်သူအဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေနဲ့ အသက် ၃၅ ကနေ ၆၅ နှစ်အတွင်းက လူကြီးပိုင်း ပြည်သူတွေကို အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းဖို့ ပြင်ဆင်ကြိုးပမ်းလာနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအတွင်းက ပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစရှိတဲ့ အကျိုးစီးပွားတွေနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေ ကျူးလွန်နေပြီး နိုင်ငံကို အလုံးစုံပျက်သုဉ်းအောင် ဦးတည်လုပ်ဆောင်နေတဲ့အဖွဲ့လို့လည်း ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စီမံဆောင်ရွက်တာတွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်ဖို့လည်း NUG က တိုက်တွန်းထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ထိရောက်စွာအရေးယူဖို့လည်း တောင်းဆိုထားပါတယ်။

NUG ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချလာတဲ့လုပ်ရပ်တွေ ရပ်တန့်စေရေး နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ NUG က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။