နိုင်ငံတစ်ဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေကို တိုက်ခိုက်ရေး ဒရုန်း လေးရာကျော် ဖြန့်ဝေထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်ရေး ဒရုန်းတွေဟာ ပြည်သူတွေရဲ့ တော်လှန်ရေး ရန်ပုံငွေတွေကို အသုံးပြုထားတာလို့လည်း NUG ဘက်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေကို ပို့ဆောင်ထားတဲ့ တိုက်ခိုက်ရေးဒရုန်းတွေဟာ စစ်ကောင်စီကို ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိရေးတွေကိုပါ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုတွေမှာ တိုက်ခိုက်ရေးဒရုန်းတွေဟာ အရေးပါတဲ့ နေရာကနေရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောထားပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်ထဲက NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းတစ်ခု တာဝန်ခံကတော့ ဒီလိုဒရုန်းတွေ ကူညီပံ့ပိုးပေးတာ မရဘူးလို့ RFA ကို ဩဂုတ်လ ၂၃ ရက် ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တိုက်ခိုက်ရေးဒရုန်းတွေ တပ်ဆင်နေကြရတယ်လို့ ဆိုပါတယ်။
NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချို့ကတော့ လက်ရှိ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုနေသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ကိုယ်တိုင်ပြုပြင် ထုတ်လုပ်ပြီး အသုံးပြုနေကြတာရှိပါတယ်။