အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၇ ရက် ဒီကနေ့ ကြေညာပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါအဖွဲ့အစည်းတွေဟာ အရပ်သား ၈၀၀ ကျော်ကို သတ်ဖြတ်တာ၊ လူပေါင်း ၅၀၀၀ ကျော်ကို မတရား ဖမ်းဆီးချုပ်နှောင်တာ၊ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေအပြင် တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျအောင်လုပ်နေပြီး ဒီလုပ်ရပ်တွေဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေလို့ NUG က ကြေညာချက်ထဲမှာပြောထားပါတယ်။
စစ်ကောင်စီ ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း NUG က ပြောပါတယ်။ စစ်တပ်ရဲ့ပြစ်မှုတွေကို နိုင်ငံတကာတရားရုံး ICJ ကို တရားစွဲတင်နိုင်ဖို့ NUG က ကြိုးစားနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီကလည်း NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာပါ။ NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက စွပ်စွဲနေတာဟာ အခြေအမြစ်မရှိသလို၊ NUG ကို အကြမ်းဖက်ပုဒ်မနဲ့ အရေးယူနိုင်လောက်တဲ့ ပြစ်မှုမြောက်တာမရှိဘူးလို့ NUG ကပြောပါတယ်။