အွန်လိုင်းစာသင်ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသူတွေကို ဖမ်းဆီးတာ လူ့အခွင့်အရေးချိုးဖောက်မှုလို့ NUG ပြော
ဒီကိစ္စကို NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်
- 2022-07-14
-
-
-
အင်တာနက်အွန်လိုင်းကနေ အခြေခံပညာသင်ပေးနေတဲ့ “Kaung For You Education” ကျောင်းက ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖမ်းဆီးနေတာဟာ Right to Education လွတ်လပ်စွာ ပညာသင်ယူခွင့်ဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ NUG အစိုးရပညာရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
“Kaung For You Education” အွန်လိုင်းစာသင်ကျောင်းတည်ထောင်တဲ့ ဆရာဦးကောင်းသိုက်စိုး အဖမ်းခံထားရတယ်လို့ ဇူလိုင် ၁၃ ရက်နေ့က သတင်းတွေ ထွက်ပေါ်ခဲ့သလို၊ အဲဒီကျောင်းမှာ ပညာသင်ယူနေတဲ့ ဆယ်တန်းကျောင်းသူတစ်ယောက်နဲ့ ဆရာ၊ ဆရာမတချို့အဖမ်းခံထားရတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းဌာနတချို့မှာ ပေါ်ထွက်ခဲ့ပြီးတဲ့နောက် NUG အစိုးရပညာရေးဝန်ကြီးဌာနက အခုလို ကြေညာချက်ထုတ်ပြန်တာပါ။
ကျောင်းရဲ့ လျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားပြီး အဖမ်းခံရတာဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုအဖွဲ့မှာ တာဝန်ရှိတယ်လို့လည်း NUG က ဆိုပါတယ်။
ဒီကိစ္စကို NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကျောင်းကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။