အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအစည်းအဝေး လာတက်တဲ့အချိန်မှာ ဖမ်းဆီးအရေးယူဖို့ အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်သွားတက်ဖို့ ပြင်ဆင်နေချိန်မှာ NUG က တောင်းဆိုလိုက်တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူဖြစ်ပြီး၊ အာဏာသိမ်းပြီး နောက်မှာလည်း လူပေါင်း ၇၄၀ နီးပါး သတ်ဖြတ်ခဲ့သလို လူပေါင်း ၃၃၀၀ ကျော် ဖမ်းဆီးခဲ့ကြောင်း NUG ရဲ့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးပြီး သူကျူးလွန်ထားတဲ့ အမှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေဖြစ်တဲ့ ICJ နဲ့ ICC တရားရုံးတွေမှာ စစ်ဆေးအရေးယူဖို့လည်း NUG က တိုက်တွန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ဖို့အတွက် INTERPOL အနေနဲ့ သတိပေးချက်ထုတ်ပြန်ပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးဖို့လည်း NUG က တောင်းဆိုပါတယ်။