ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သားငါးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
သြဂုတ်လ ၁၃ ရက်ကနေ သြဂုတ်လ ၁၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ အရပ်သား သေဆုံးထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ KNU က သြဂုတ်လ ၁၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ်မှာ သြဂုတ်လ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ခေါလိုကလိုးကျေးရွာက အသက် ၇၅ နှစ်အရွယ် နော်ဖောလော သေဆုံးခဲ့ပါတယ်။ ဒီအပြင် ကွီးလားကျေးရွာက အသက် ၁၉ နှစ်အရွယ် နော်သီရိတင်စိုး၊အသက် ၁၈ နှစ်အရွယ် စောအယ်ခူမူးနဲ့ အသက် သုံးဆယ်အရွယ် နော်အိသက်ပိုင်တို့ ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနေ့မှာပဲ မုန်းမြို့နယ်မှာ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ -၄၃၉ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ငတိုးခင်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မသန်းကေသွယ်၊ အသက် ၂၁ နှစ်အရွယ် မသဇင်ဝေ၊ အသက် ၄၅ နှစ်အရွယ် ဦးလှိုင်ဝင်းနဲ့ အသက် ၇၅ နှစ်အရွယ် စောဖားကလော်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ရွာကိုလက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဟာ ပထမဆုံးကြိမ်ဖြစ်တယ်လို့ ငတိုးခင်ရွာ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ရွာမှာတော့ ဆက်နေထိုင်နေသေးပါတယ်။ လောလောဆယ် ပြောင်းဖို့တော့ အစီအစဉ် မရှိသေးဘူး။ ဒီထက်ပိုဆိုးလာရင်တော့ နေရာရွှေ့ဖို့ ကျေးရွာလူကြီးတွေက ပြောထားတယ်။ ရွာကို လက်နက်ကြီး ပစ်ခတ်ခံရတာက ဒါက ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်"
ဩဂုတ် ၁၆ ရက် မနက်ကလည်း မုန်းမြို့နယ်က ဇလုပ်ကြီးရွာထဲကို လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ခြောက်ဆယ်အရွယ် ဦးမောင်ထွေးနဲ့ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇော်တို့ သေဆုံးခဲ့ပါတယ်။
အလားတူ ဩဂုတ်လ ၁၃ ရက်ညပိုင်းက ကျောက်ကြီးမြို့နယ်၊ ပဲသောက်ရွာထဲကို ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄) က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် စောအယ်ကလူထူးနဲ့ ၁၆ နှစ်အရွယ် စောဘိုလိုသီးတို့ သေဆုံးပြီး ၁၁ နှစ်အရွယ် စောခွာစိနဲ့ ၁၅ နှစ်အရွယ် နော်ဗြဲဗြဲတို့ ဒဏ်ရာရခဲ့ပါတယ်။
ရွှေကျင်မြို့နယ်ထဲက ရွာတွေကိုလည်း ဩဂုတ်လ ၁၄ ရက် မနက်ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် အင်းကပ်ပလိပ်ရွာ စာသင်ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆရာမတစ်ဦးနဲ့ ကျောင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အရပ်သားတွေနေထိုင်တဲ့ ရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
KNU ကတော့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ညောင်လေးပင်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်နဲ့ လက်နက်ကြီးကျည် ၃၆ လုံးပစ်ခတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။