ငြိမ်းစုစီ ဥပဒေပြင်ရေး လွှတ်တော်ကို တင်သွင်း

ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘဲ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို အသိပေးရုံနဲ့ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်းစွာစုဝေးခွင့် နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေ မူကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းလိုက် ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကို လွှတ်တော်မှာတွေ့ရစဉ် .

ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘဲ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို အသိပေးရုံနဲ့ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်း စွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဒီဥပဒေကို ပြင်ဆင်ပြဌာန်းနိုင်ဖို့အတွက် အခုလိုတင်သွင်းရတာဖြစ်တယ် လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်မှာ အခုလို တင်သွင်းခဲ့ပါတယ်။

"ဒီမိုကရက်တစ် တိုင်းပြည်တစ်ခုအဖြစ် ထူထောင်တဲ့နေရာမှာ ကိုယ့်ကိုကိုယ် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ် ပါတယ်၊ ဒါကြောင့်မို့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့ အညီအညွှတ် စနစ်တကျသုံးစွဲဆောင်ရွက်ရာမှာ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ရေးအတွက်  မူလဥပဒေနဲ့ ပြင်ဆင်တဲ့ဥပဒေအစား ဒီဥပဒေကြမ်းကို လွှတ်တော် သို့ ရေးဆွဲတင်ပြရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်"

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လယ်သမားတွေနဲ့ အလုပ်သမားအတော်များများဟာ အဲ့ဒီဥပဒေနဲ့ တရားစွဲဆိုခံရပြီး အကျဉ်းကျခံခဲ့ကြရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဥပဒေများကို မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို ထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခြင်း၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိသည်လို့ ပြဌာန်းထားပါတယ်။

လတ်တလောကျင့်သုံးနေတဲ့ ငြိမ်းစုစီဥပဒေ အခန်း (၃) မှာ မိမိသဘောထားဆန္ဒကို ဖော်ပြရန် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်ရရှိဖို့ သက်ဆိုင်ရာ မြို့နယ်ရဲ စခန်းတွေမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက် တောင်းရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေကြမ်းကို နောက်ဆက်လက်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စား လှယ်တွေက ဆွေးနွေးပြီး အတည်ပြုမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org