မန္တလေးမြို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် ဟောင်း ဖြစ်တဲ့ ဦးညီညီကျော်ကို ဇန်နဝါရီ ၇ ရက် မနေ့က အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ်သုံးနှစ် အမိန့် ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖမ်းဆီးခံရချိန်ကနေ အမိန့်ချခံရတဲ့အချိန်အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။
"နာရေးတစ်ခုကို အသွားလမ်းမှာ ရဲသတင်းပေးဆိုတဲ့သူကို ရပ်ကွက်ကဖမ်းထားလို့ ဝင်အကြည့်မှာ ရဲတွေ ရောက်လာပြီး သူကဖမ်းခံလိုက်ရတာ။ တကယ်ကတော့ နိုင်ငံရေးသမားလည်းဖြစ်နေလို့ ဖမ်းတာပေါ့။ ဦးညီကျော်က ၈၈ ကတည်းက နိုင်ငံရေးတောက်လျှောက်လုပ်လာတဲ့သူပါ"
မနေ့က ချမှတ်လိုက်တဲ့ထောင်ဒဏ် သုံးနှစ်မှာ ချုပ်ရက်ခံစားခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဦးညီညီကျော်ဟာ မတ်လ ၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။
ဦးညီညီကျော်ဟာ ၂၀၁၂ ခုနှစ်မှာ မေတ္တာကမ်းပိန်းဆိုတဲ့ အဖွဲ့ကို ကျောင်းသားရဲဘော်ဟောင်းတွေနဲ့ ထူထောင်ပြီး ဒီမိုကရေစီနဲ့ လူအခွင့်ရေးတွေကို ဆောင်ရွက်ခဲ့တဲ့သူလည်းဖြစ်တယ်လို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ကအာဏာ သိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဇန်နဝါရီလ ၇ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၈၄၃၇ ဦး ရှိနေပါတယ်။