ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်တွေမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
ဩဂုတ်လ ၁၃ ရက်က စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ၅၆နှစ်မြောက် ဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် အခုလို ဖမ်းဆီးအမှုဖွင့်ခံရတာလို့ သမီးဖြစ်သူ ဒေါ်စောမြသန္တာက ပြောပါတယ်။
“အမေ့ကို ဩဂုတ် ၁၃ ရက်နေ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ရဲတွေရော၊ အရပ်ဝတ်နဲ့ရော ဆယ်ယောက်လောက်ပါတယ်။ အခု အမေ့ကို ရဲစခန်းကနေ တရားရုံးကိုခေါ်ပြီး ဦးတိုက်လျှောက်တယ်။ ချုပ်ရက် ရမန်လည်း ယူပြီးပြီ။ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရတယ်”
ဒေါ်ညိုအေးကို လက်ရှိမှာ စစ်တွေမြို့မ ရဲစခန်းကနေ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ သမီးဖြစ်သူက ပြောပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဟာ ထောင်ဒဏ်နှစ်နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ အကြီးမားဆုံး ဆန်စပါးရှားပါးမှု အငတ်ဘေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆန်ရှားပါးမှု ပြဿနာကိုဖြေရှင်းပေးဖို့ စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရခိုင်လူငယ်တွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့လို့ လူသုံးရာကျော် သေဆုံးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကို ဆန်ပြသနာနေ့အဖြစ် သတ်မှတ်ထားတာပါ။
ဒါကြောင့် ဩဂုတ်လ ၁၃ ရက်နေ့ ရောက်တိုင်း ရခိုင်ပြည်နယ်မှာ အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်ကြပါတယ်။