မြန်မာအမတ်များ အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်ဖြစ်ရန် ခက်ခဲနိုင်

မြန်မာအမတ်တွေကို အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆိုရင် အဆင့်လိုက် သွားရမဲ့ အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာ့ အရေးဆောင်ရွက်နေတဲ့ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌ Kraisak Choonhavan က RFA ကို ပြောပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ Photo: AFP/MRTV 4

ကျွန်တော်တို့ အာဆီယံလွှတ်တော်မှာ မြန်မာကိစ္စကို အပြန်အလှန် ဆွေးနွေးကြပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ စိုးရိမ်တဲ့အချက်တွေ အများကြီး ရှိနေလို့ပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် မရှိသေးတာ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ၊ လူနေမှုကွာဟချက် ကြီးမားနေတာ စတာတွေကို မဖြေရှင်းနိုင်သေးပါဘူး လို့ သူက ပြောသွားပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာ လွဲှပြောင်းပေးလိုက်လို့ စစ်အာဏာရှင် အုပ်ချုပ်မှု မရှိတော့ဘူး ဆိုပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းလာနိုင်တဲ့ အခြေအနေတွေနဲ့ အလှမ်းဝေး နေသေးတယ်လို့လည်း ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အဆင့်ကနေ အတည်ပြုတဲ့ အဆင့်၊ ရွေးကောက်ပွဲ ကျင်းပတဲ့ အဆင့်၊ နောက်ဆုံး အစိုးရသစ်ဖွဲ့စည်းတဲ့ အဆင့်အထိ အဆင့်တိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓမ္မ တဖက်သတ် လုပ်သွားတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိနေပါတယ်လို့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌ Kraisak Choonhavan က ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org