စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် နှောကုန်းကျေးရွာထိပ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ကြွက်ဖမ်း ထွက်လာ တဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ရာမှာ အသက် ၁၃ အရွယ် မောင်ချစ်ကောင်းဆိုတဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့ခံတွေက ပြောပါတယ်။
ရွာထိပ်မှာ စပါးရိတ်သိမ်းနေသူတွေကို လုံခြုံရေးယူနေတဲ့ စစ်သားတွေက ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီအချိန်က ကြွက်ဖမ်းတဲ့ရာသီဆိုတော့ ဆိုင်ကယ် ခုနစ်စီးလောက်နဲ့ အဖွဲ့လိုက် ကြွက်ဖမ်းထွက်တာကို စစ်သားတွေက လှမ်းပစ်တာ။ အဲဒီမှာ ကလေး ရင်ဘတ်ကိုမှန်ပြီး ပြုတ်ကျနေခဲ့တာ။ နောက်တစ်နေ့ စစ်သားတွေ မရှိတဲ့အချိန် အဲဒီနေရာကို သွားကြည့်တော့ စောင်နဲ့ပတ်ပြီး စပါးခင်းတွေထဲမှာ ချထား ခဲ့တယ်"
သေဆုံးသွားတဲ့ကလေးဟာ ရွာတော်ကျေးရွာကဖြစ်ပြီး မနေ့က ရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ ကံသစ်ရွာသားတွေဟာ ရွာထဲမှာ မနေရဲတဲ့အတွက် ခင်ဦးမြို့မှာ ပြောင်းရွှေ့ နေထိုင်ပြီးနောက် စပါးရိတ်သိမ်းချိန်မှာ စစ်သားအစောင့်တွေနဲ့ လာရိတ်သိမ်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာ သိမ်းပြီးနောက် ကလေး ၈၈ ယောက်ဟာ အိမ်မှာနေတဲ့အချိန်၊ ဆေးခန်းသွားချိန်၊ လမ်းမှာသွားလာနေရင်း၊ ကစားနေရင်း၊ ထွက်ပြေးနေရင်းနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန် ထားပါတယ်။