ဖာပွန်ခရိုင်ထဲ စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်လို့ ဆေးခန်းတစ်ခုပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုးဒေသကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့ ဒီနေ့မနက်က စစ်လေယာဉ်နဲ့ ဗုံးသုံးလုံး ကြဲချခံလိုက်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် လယ်ထူဖိုးဒေသက ဆေးပေးခန်း ထိခိုက်ပျက်ဆီးခဲ့ရပြီး အိမ်မွေးတိရိစ္ဆာန်တချို့ သေဆုံးတာ၊ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါပေမဲ့ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေထဲမှာ ဒီမနက်က တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အဲဒီဒေသမှာ ရောက်နေသူတွေက ပြောပြပါတယ်။

ဒီမနက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေး ခြေလှမ်းစမယ်လို့ ဆိုထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ မတရားတဲ့ နိုင်ငံရေးစနစ်ကို တိုက်ဖျက်ဖို့ ကရင်နှစ်သစ်ကူးနေ့မှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ NCA ထိုးထားတဲ့ အင်အားကြီး KNU အဖွဲ့ မပါဝင်နိုင်တာကြောင့် အလုပ်ဖြစ်မှာမဟုတ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောခဲ့ဖူးပါတယ်။