ယင်းမာပင်မြို့နယ်မှာ စစ်တပ်ဝင်လာပြီးနောက် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာကို ဇန်နဝါရီ ၇ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာခဲ့ပြီးနောက် အသက် ၆၀ အရွယ် ဦးကျော်ရှိန်ဆိုတဲ့ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဝင်လာချိန် အားလုံးကြောက်လန့်ထွက်ပြေးခဲ့ကြပေမယ့် ဦးကျော်ရှိန် ကတော့ ထွက်မပြေးဘဲ ကျန်ခဲ့ရာကနေ သတ်ဖြတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောင်းဆင့် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"စစ်သားတွေက ယင်းမာပင်ကဘက်နေ ထွက်လာပြီဆိုကတည်းက လမ်းဘေးကရွာတွေ အကုန်လုံး ထွက်ပြေးကြရတာပဲ။ သူကကျန်နေခဲ့တာဆိုတော့ စစ်သားတွေ မရှိတော့တဲ့အချိန် ရွာကိုပြန်လာတော့ သူ့အလောင်းနဲ့ အိမ်မီးရှို့ထားတာ တွေ့ရတာပဲ။ ဘာလို့သတ်သွားလဲတော့ မသိဘူး"

ဦးကျော်ရှိန်ဟာ စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်တာကြောင့် အများနည်းတူ ထွက်မပြေးဘဲ အိမ်မှာ ကျန်နေခဲ့ တာလို့ ဆိုပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ ပြီးခဲတဲ့တစ်ပတ်လောက်ကပင် ပုလဲမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်က လည်ငေါက်ကျေးရွာဘက်ကို ရောက်လာချိန်မှာ နေအိမ် ၁၁ လုံးကို မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သတ်ဖြတ်ခံရတဲ့ပြည်သူပေါင်း ၁၄၄၅ ဦး ရှိနေပါတယ်။