ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မန်ကန်ရွာက ဒေသခံ သုံးဦးနဲ့ မိုင်းဆတ်ရွာက ဒေသခံတစ်ဦးကို နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးမှာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့နယ် မန်ကန်ရွာက အသက် ၁၇ နှစ်အရွယ် အိုက်မောင်ဦး၊ အသက် ၂၂ နှစ်အရွယ် လုမ်းမြတ်အောင်၊ အသက် ၂၄ နှစ်အရွယ် ရီအောင်ဝင်းနဲ့ မိုင်းဆတ်ရွာက အသက် ၃၈ နှစ်အရွယ် အိုက်မိန်းတို့ကို စစ်ကောင်စီလက်အောက်ခံ နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့က သြဂုတ်လ ၄ ရက်က ဖမ်းဆီးခဲ့တာပါ။
အဲဒီထဲက သုံးဦးဟာ သြဂုတ်လ ၁၀ ရက် ညပိုင်းမှာ ဒဏ်ရာတွေနဲ့ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ရီအောင်ဝင်းကတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ သြဂုတ်လ ၅ ရက်မှာ သေဆုံးခဲ့တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က မူဆယ်ကို ဖုန်းပြင်ဖို့ ဆိုပြီးသွားကြတာ။ လေးယောက်ပေ့ါ။ ဆိုက်ခေါင်ရွာ ရောက်တော့ အဖမ်းခံရတာ။ သူတို့ကို မျက်စိကို အဝတ်စည်းပြီး ခေါ်သွားတာ နှစ်ရက်လုံး ထမင်းလည်းမကျွေးဘူး၊ ရေလည်းမတိုက်ဘူး။ သူတို့ထဲက တစ်ယောက် သေသွားပြီဆိုမှ ကျန်တဲ့သူတွေကို ထမင်းနဲ့ ရေတိုက်တာလို့ ကျွန်တော်တို့ကို ပြန်ပြောပြတာ။ သေသွားတဲ့သူလည်း အလောင်းမရဘူး"
ပြန်လွတ်လာသူတွေဟာ ဦးခေါင်းနဲ့ ကျောပြင်တွေမှာ ရိုက်နှက်ခံထားရတဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်နဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မူဆယ်မြို့နယ် နားထမ်နဲ့ဂေါင်းရာကျေးရွာအနီးမှာ စစ်ကောင်စီတပ်မ (၉၉)၊ ခမရ (၄၂၀)၊ စကခ (၂)၊ ခလရ (၂၆၁)၊ ခလရ (၄၂၁)၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကြား သြဂုတ် ၂ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။