အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်အပါအဝင်နှစ်ဦးကို တရုတ်ထံလွှဲပြောင်း

မြန်မာနိုင်ငံမှာဖမ်းမိတဲ့ အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းခေါင်းဆောင်အပါအဝင် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ ရန်ကုန်လေဆိပ်ကတစ်ဆင့် သြဂုတ်လ ၂၃ ရက် မနက်ပိုင်း လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းကနေလိမ်လည်မှု ကျူးလွန်တယ်လို့ သံသယရှိတဲ့ အဲဒီအမျိုးသားနှစ်ဦးထဲမှာ တစ်ဦးက လောင်းကစားနဲ့ လိမ်လည်မှုအဖွဲ့ရဲ့ အမာခံခေါင်းဆောင်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းအတွက် အဓိကကျသူလည်း ဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ကို ဒီနေ့မှာပဲ တရုတ်နိုင်ငံကို ဖမ်းဆီးပို့ဆောင်လိုက်ပြီလို့ တရုတ်သံရုံးက ထုတ်ပြန်ထားတာပါ။

အဲဒီအမျိုးသားနှစ်ဦးကို မြန်မာနိုင်ငံရဲ့ ဘယ်ဒေသကနေ ဖမ်းဆီးရမိတယ်ဆိုတာကိုတော့ တရုတ်သံရုံးဘက်က ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိပါဘူး။

တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာ ပူးပေါင်းပြီး ဒေသအတွင်း အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း ဆုံးဖြတ်ထားတာလို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ၀တပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာပါ။

အဲဒီ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှုတွေပါရှိနေတယ်လို့ အဲဒီလုပ်ငန်းတွေကနေ ပြန်လွတ်လာသူအချို့က RFA ကိုပြောပါတယ်။

တရုတ်နိုင်ငံဘက်က ငွေလိမ်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ စီစဉ်နေပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ အရေးယူမှုမရှိသေးဘူးလို့ အဲဒီလုပ်ငန်းကနေ ပြန်လွတ်လာသူ မြ၀တီမြို့ခံအမျိုးသမီးက RFA ကိုပြောပါတယ်။

“ရွှေကုက္ကိုမှာဆိုလည်း ပုံမှန်အတိုင်းပဲ လည်ပတ်နေတာပဲ။ တစ်ခုပဲရှိတာက အရင်ထက် အဲနေရာတွေမှာ လုံခြုံရေး ပိုတင်းကျပ်သွားတာပဲရှိတယ်”

မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားနဲ့ လူကုန်ကူးမှုတွေ ရှိနေတယ်ဆိုတဲ့အပေါ် စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အဲဒီလုပ်ငန်းကနေ ဝင်ငွေရနေသူတွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဖြစ်လို့ စစ်ကောင်စီဘက်က ဒီလုပ်ငန်းတွေကို နှိမ်နင်းမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း အခုလိုပဲ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျူးလွန်တယ် ဆိုတဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပါတယ်။