ရန်ကုန်မှာ စစ်ခုံရုံးက အမိန့်ချခံရသူ ၁၅၀ ကျော်ရှိလာ
ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်ခြောက်လုံးနေ့ လှုပ်ရှားမှုကို ၂၀၂၂ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြစဉ်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်ဝင်းထဲက စစ်ခုံရုံးတွေကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်းအပါအဝင် နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံရတဲ့သူဟာ RFA က လက်လှမ်းမီ သလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ မတ်လ ၁၁ ရက်နေ့အထိ စုစုပေါင်း ၁၅၁ ဦးအထိ ရှိလာနေပါတယ်။
သေဒဏ်ချမှတ်ခံရသူ ၉၄ ဦး၊ ထောင်ဒဏ်တစ်သက်နဲ့ အခြား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူက ၅၇ ဦး ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ သပိတ်ခေါင်းဆောင်တွေ အပြင် NUG၊ CRPH၊ PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ခုံရုံးတွေကနေ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ် ခံနေရတာလည်း ဖြစ်ပါတယ်။
သူတို့ဟာ စစ်ခုံရုံးတွေမှာ စီရင်ခံရတဲ့အတွက် အရပ်ဘက် တရားရုံးတွေမှာ စီရင်သလို ဥပဒေအရ ပေးထားတဲ့ အမှုအတွက် ခုခံချေပခွင့်တွေလည်း မရရှိခဲ့ကြဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
အခုလက်ရှိ နိုင်ငံရေးအမှုတွေကို အင်းစိန်ထောင်မှာ လိုက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ စစ်ခုံရုံးတွေထဲမှာ ၁၉၈၈ ခုနှစ်ထက် ၂၀၂၁ ခုနှစ်မှာ ပေါ်လာတဲ့ စစ်ခုံရုံးတွေရဲ့ ပြစ်ဒဏ်တွေက မြင့်မား နေတယ်လို့ RFA ကို ပြောပါတယ်။
“၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဗုံးခွဲတဲ့သူတချို့တောင်မှ အများအသက်အန္တရာယ်ကို မထိအောင် ဗုံးခွဲခဲ့တယ်ဆိုပြီး တော့ စစ်ခုံရုံးကနေ ထောင် ၁ နှစ်ပဲ ချတာမျိုး ကြုံခဲ့ ရတယ်။ သို့သော် ၂၀၂၁ မှာကျတော့ ဘယ်လို ပြောင်းလဲလာလဲ ဆိုတော့ စစ်ခုံရုံးက အမှုတွေက တစ်မှုမှ လွတ်လပ်ခွင့် မရှိတဲ့အပြင် ပုဒ်မတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချတယ်ပေါ့။ ဆိုကြပါစို့၊ မီးရှို့မှုနဲ့ ပတ်သက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ ချတယ် ဆိုရင်လည်း အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ ပေါ့။ လူသတ်မှု ဆိုရင်လည်း သေဒဏ်ပေါ့။ အဲလို ချတယ်ဆိုတော့ ပုံသဏ္ဌာန် ပြောင်းလဲမှု ရှိတယ်။ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ၁၉၈၈ နဲ့ အခု ၂၀၂၁ နှိုင်းယှဉ်လိုက်တဲ့အခါမှာတော့ ၂၀၂၁ စစ်ခုံရုံးတွေက စီရင်ဆုံးဖြတ်ပုံတွေက မြင့်မြင့်မားမား ရှိနေတယ်လို့ မြင်ပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးဆန့်ကျင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ စတဲ့ မြို့နယ် ၆ မြို့နယ်ကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ပြစ်မှု ၂၃ ခုကို စစ်ခုံရုံးတွေနဲ့ စီရင်နိုင်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
စစ်ခုံရုံးကနေ ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ် ချခံရသူတွေကို အခုအခါမှာ နယ်ထောင်တွေ ဆီကို အပြောင်းခံရလို့ ထောင်ဝင်စာပို့ဖို့ အဆင်မပြေတဲ့အပြင် သက်ဆိုင် သူတွေနဲ့လည်း တွေ့ခွင့်မရဘူးလို့ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသူ ကိုရန်ပိုင်ထွန်းရဲ့ မိခင် ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။
“ဦးထုပ်ကလေးမှာတယ်။ ပေးလို့မရတော့ ပြန်ယူခဲ့ရတယ်။ စားစရာ၊ သောက်စရာ ပေးလို့ရတာတွေ ပေးခဲ့တယ်။ ဒါပေမဲ့ သားလေးနဲ့တော့ မတွေ့ရဘူး။ မမြင်ရဘူး။ ထောင်ဝင်စာမှာ လူတွေ့ခွင့်မရဘူး။ စာတောင်မှ ၂ လပိုင်းက ပေးခဲ့တဲ့စာက သူ့ဆီကို တော်တော်နောက်ကျမှ ရောက်တယ်လို့ သိရတယ်။ တစ်လတစ်ခေါက် လောက်တော့ သွားတယ်။ သူတို့ ပြောတာတော့ ရှိတယ်။ ကျန်းမာတယ် ဆိုတာလောက်ပဲ သိရတယ်”
ကိုရန်ပိုင်ထွန်းဟာ လှိုင်သာယာမှာ သပိတ်စခန်းတွေ ဖွင့်တုန်းက သပိတ်ခေါင်းဆောင် လူငယ်တစ်ဦး အဖြစ် ပါဝင်ခဲ့သူပါ။ သူအဖမ်းခံရပြီး တစ်လအတွင်း စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသလို အခုနောက်ပိုင်းမှာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်။
စစ်ခုံရုံးကနေ စီရင်နိုင်တဲ့ အမှုတွေထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၂၊ ၁၂၄ (က)(ဂ) (ဃ)၊ ၅၀၅၊ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ၊ လက်နက်အက်ဥပဒေ အရ ပြစ်မှုတွေ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတဲ့ ဆေးဝါးများ ဆိုင်ရာဥပဒေအရ ပြစ်မှုတွေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၆၃ ခုနှစ် အများနဲ့ သက်ဆိုင်တဲ့ပစ္စည်းများ ကာကွယ်ရေး စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေ၊ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းဥပဒေအရ ပြစ်မှုတွေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် ဥပဒေအရ ပြစ်မှုတွေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှုတွေ၊ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေအရ ပြစ်မှုတွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေလည်း ပါဝင်ပါတယ်။
အခုချိန်မှာတော့ စစ်ခုံရုံးက အများဆုံး စစ်ဆေးပြီး ချမှတ်နေတဲ့ အမှုအမျိုးအစားကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုတွေ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၁ ရက်နေ့ အထိ ထုတ်ပြန်ချက်အရ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း တစ်သောင်း နှစ်ထောင်ကျော် ရှိနေပါတယ်။









