ပါကစ္စတန်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ မြန်မာနိုင်ငံကို လာမည်

မြန်မာအစိုးရ ခေါင်းဆောင်တွေနဲဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိပါတယ်။

2012-01-23
Share

မစ္စတာဇာဒါရီဟာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို သီးသန့် သွားရောက် လိမ့်မယ်လို့လည်း ပါကစ္စတန် အစိုးရအရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း မြန်မာနိုင်ငံကို လာမယ့်မေလမှာ သွားရောက် လည်ပတ်မှာ ဖြစ်ကြောင်း အိန္ဒိယ အစိုးရ သတင်းရပ်ကွက်ကနေ သိရပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ်ဟာ မြန်မာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော် နိုင်ငံများ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နယူးဒေလီမြို့ကို ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ မေလ ၁၀ ရက်က ၁၂ ရက်ထိ လည်ပတ်မယ့် အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် နိုင်ငံခြားရေး ဝန်ကြီး အက်စ်အမ် ခရီစ္စနာနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ ပိုမိုတိုးမြင့်ရန် လိုအပ်ကြောင်း ဒုတိယ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နဲ့ အိန္ဒိယ ပြည်ထဲရေး အတွင်းရေးမှူး အာရ်ကေတို့က ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းဝေးမှာ ထပ်မံ ပြောဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။