ပခုက္ကူမြို့နယ် ဖလံအိုရွာ ဒုတိယအကြိမ် မီးရှို့ခံရလို့ ၂၅၀၀ ခန့်ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ဖလံအိုရွာထဲကို ဩဂုတ်လ ၂ ရက်၊ ဒီနေ့မနက်ပိုင်း ကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ခုနစ်ဆယ်ခန့် စီးနင်းဝင်ရောက် မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပခုက္ကူမြို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ငါးရာဝန်းကျင်ရှိတဲ့ ဖလံအိုရွာကဒေသခံ ၂၅၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။

ဖလံအိုရွာ အနီးမှာရှိတဲ့ အောင်သာ၊ ဇီးကုန်း (၁)၊ ရှင်မကန်နဲ့ မန်ကျည်းကန်ရွာတွေက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ဒီနေ့မနက် ၉ နာရီခန့်ကစပြီး ဖလံအိုရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။

နေ့လယ်ပိုင်းအထိ မီးရှို့နေပြီး ထွက်မပြေးနိုင်တဲ့ ဒေသခံတွေကိုတော့ ဖလံအို ဘုန်းကြီးကျောင်းထဲမှာ စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ လူသေဆုံးမှုရှိ၊ မရှိနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်အရေအတွက်ကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပခုက္ကူဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ ၉ နာရီကစပြီး စစ်သားတွေရော ပျူစောထီးရော ရွာထဲဝင်လာတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီး အိမ်မီးရှို့တာပေါ့။ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ အကြောင်းမဲ့ဝင်ပစ်၊ ဝင်မီးရှို့နေကြတာ။ အကုန်ထွက်ပြေး ကြရတယ်။ ဘေးလွတ်တဲ့ နေရာတွေပေါ့။ ကိုယ့်အသိတွေဆီ ပြေးကြတယ်။ နေ့လယ်ပိုင်း သတင်းရတာက ရွာထဲမှာ မီးရှို့နေတုန်းလို့ သိရတယ်။ ကျန်ခဲ့သူတွေကိုလည်း ဘုန်းကြီးကျောင်းထဲမှာ မေးစစ်နေတာပေါ့။ အခုထိတော့ ပျက်စီးတာတွေ မသိရသေးဘူး။ ဖုန်းလိုင်းတွေလည်း ဆက်သွယ်လို့ မရတော့လေ။ အကုန် ဒုက္ခရောက်နေတယ် ”

ဖလံအိုရွာ အခုလို စီးနင်းမီးရှို့ခံရတာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်ကလည်း ပျူစောထီးအဖွဲ့ဝင် အင်အား ခုနစ်ဆယ်ခန့် ဖလံအိုရွာထဲဝင်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၅ လုံး၊ နွားနဲ့ဆိတ် အကောင်တစ်ရာကျော် မီးလောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ နေရပ်စွန့်ခွာနေရသူ တစ်ဒသမ ကိုးသန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။

အဲဒီအထဲက လူဦးရေ တစ်ဒသမ ခြောက်သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။