စစ်ကောင်စီရဲ့ စားအုန်းဆီသတ်မှတ်ဈေး ထပ်မံမြင့်တက်လာ

RFA Burmese
2024.09.09
စစ်ကောင်စီရဲ့ စားအုန်းဆီသတ်မှတ်ဈေး ထပ်မံမြင့်တက်လာ ရန်ကုန်မြို့တွင် စားအုန်းဆီကို စာအုပ်နှင့် တန်းစီထုတ်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီရဲ့ စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ တစ်ပိဿာ ၆၄၉၀ ကျပ်သာ ရှိခဲ့ပေမဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ၆၆၀၅ ကျပ်လို့ စစ်ကောင်စီက သတ်မှတ်ခဲ့တာကြောင့် ကျပ် တစ်ရာကျော် ထပ်မံ မြင့်တက်လာပါတယ်။

အခုလအတွင်း စားအုန်းဆီဝယ်ယူခွင့်ကို သမဝါယမစနစ်ပုံစံ စာအုပ်နဲ့ ရောင်းချပေးပြီး အဲဒီမှာသတ်မှတ်ထားတဲ့ လက်လီဈေးနှုန်းကတော့ တစ်ပိဿာကို ကျပ်ခုနစ်ထောင်ကျော်ရှိတယ်လို့ စားအုန်းဆီ တန်းစီဝယ်ယူသူတွေက ပြောပါတယ်။

ဒီ့အပြင် ပြင်ပပေါက်ဈေးမှာ စားအုန်းဆီ တစ်ပိဿာကို ကျပ်တစ်သောင်းခွဲခန့်ရှိပြီး အခုလို အခြေခံရည်ညွှန်းဈေး မြင့်တက်လာတာကြောင့် စားအုန်းဆီဈေးတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စားအုန်းဆီရောင်းချသူတွေက RFA ကို ပြောပါတယ်။

"တစ်ပတ်တာ အခြေခံရည်ညွှန်းဈေးကိုကြည့်ပြီး အရောင်းအဝယ်လုပ်ရတာဆိုတော့ အခြေခံရည်ညွှန်းဈေးက မြင့်ရင် ပြင်ပပေါက်ဈေးလည်း မြင့်လာမှာပဲ။ ဒါပေမဲ့ ဘယ်လောက်အထိ ဈေးကထပ်တက်လာမလဲဆိုတာတော့ ပြောဖို့ခက်တယ်"

စားအုန်းဆီဈေးကို စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှု၊ အဓိကတင်သွင်းနေတဲ့ မလေးရှားနိုင်ငံက FOB (Free On Board) လို့ခေါ်တဲ့ ရေကြောင်းကနေ သင်္ဘောသယ်ယူပို့ဆောင်ခ၊ ဆိပ်ကမ်းအခွန်အခ၊ အာမခံကြေး စတဲ့ ဝန်ဆောင်ခတွေရဲ့ သတ်မှတ်ဈေးနှုန်းတွေကို စောင့်ကြည့်ပြီး ဈေးနှုန်းသတ်မှတ်တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီက စားအုန်းဆီတင်သွင်းရာမှာ လိုအပ်တဲ့ အမေရိကန်ဒေါ်လာငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် အွန်လိုင်းငွေလဲနှုန်း၊ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ရောင်းချပေးနေတာပါ။

စားအုန်းဆီ လက်ကားရည်ညွှန်းဈေး မြင့်တက်လာတာနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း စားအုန်းဆီ ပြင်ပေါက်ဈေးဟာ ရန်ကုန်ပေါက်ဈေး ၁၇၅၀၀ ကျပ်အထိ ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ စက်တင်ဘာလ ၉ ရက်နေ့မနက်မှာ တစ်ဒေါ်လာကို ကျပ်ငါးထောင်အထိ ဆက်တိုက်ကျဆင်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။