ပန်ဒါသပိတ်စခန်း ပိတ်လိုက်ပြီ

မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့က ၈ လကျော် ကြာမြင့်ခဲ့တဲ့ ပန်ဒါအထည်ချုပ်စက်ရုံ အလုပ်သမား သပိတ်စခန်း ကို ဒီကနေ့ အပြီးတိုင်ပိတ်သိမ်းလိုက်ပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက် ၂၈ ချက်ကို အလုပ်ရှင်ဘက်က မနေ့က သဘောတူလိုက်တာကြောင့် ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်း က ပြောပါတယ်။

"အလုပ်သမားတွေအတွက် အာမခံချက်ရှိတဲ့ အလုပ်ဝင်အာမခံချက်တို့ အလုပ်ချိန်တို့ နေအိမ်တွေနဲ့ ပတ်သက်လို့ အစ်မတို့တောင်းတဲ့အတိုင်း ရတဲ့အတွက် အစ်မတို့ စာချုပ်ချုပ်လိုက်တယ်ပေါ့။ အစ်မတို့ အနေနဲ့ကတော့ အစ်မတို့အလုပ်ပြုတ်တဲ့ အလုပ်သမားတွေ အိမ်ရာနေထိုင်မှုအပေါ် အာမခံချက်တောင်း တယ်။ အလုပ်ချိန်တွေ ပြောင်းလဲသတ်မှတ်မယ်ဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ တိုင်းဒေသကြီးအစိုးရ နဲ့ပေါ့နော် ညှိနှိုင်းပြီးမှ ပြောင်းလဲရမယ်ဆိုတဲ့ အချက်တွေရလိုက်တယ်။ ဖြုတ်ထားတဲ့ အလုပ်သမားတွေ ၂၂ ဦးမှာ ၂၀ ကိုပြန်ခန့်တယ်ပေါ့။ အစ်မတို့ သပိတ်စခန်းကတော့ ဒီနေ့မနက် ၉ နာရီမှာပဲ သပိတ်စခန်း ကို ပိတ်သိမ်းနေပါပြီ။ ပစ္စည်းတွေလည်း သိမ်းပြီ။ လူတွေလည်း မိမိနေရပ်ကို ပြန်ပို့မယ်ပေါ့နော်။"

အလုပ်ရှင်အလုပ်သမား စာချုပ်သဘောတူညီချက်အရ အလုပ်ဖြုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၄ ယောက်ထဲက ၂ ယောက်ကို ခံဝန်ကတိနဲ့ အစမ်းခန့် ၃ လ ပြန်ခန့်လိုက်ပြီး အဲဒီ ၂ ယောက်ရဲ့ လုပ်ငန်းခွင်မှာ ပူးပေါင်းပါဝင်မှုပေါ် မူတည်ပြီး ကျန်တဲ့ ၂ ယောက်ကို ပြန်ခန့်ပေးဖို့လည်း သဘောတူလိုက်ပါတယ်။

စာချုပ်ပါ အချက်လက်တွေကို ဖောက်ဖျက်ရင် ဖောက်ဖျက်သူကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ အရေးယူပေးဖို့ ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းထားပါတယ်။

ပန်ဒါအထည်ချုပ်စက်ရုံဟာ အရင်က အစိုးရပိုင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပန်ဒါကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာဖြစ် ပါတယ်။

အဲဒီလိုလွှဲပြောင်းပြီးနောက်ပိုင်းမှာ ကုမ္ပဏီက အလုပ်ရှင်အလုပ်သမား သဘောတူညီမှု စာချုပ်ပါ အချက်လက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အလုပ်သမားတွေက ၂၀၁၆ ခုနှစ် ဇွန်လကစပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။