ပန်ဒါစက်ရုံ ပြဿနာ ညှိနှိုင်း မရသေး


2016.07.09
panda-textile-workers-620.jpg မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

ပြီးခဲ့တဲ့ ဇွန်လကစပြီး ရက်ရှည်ဆန္ဒပြနေတဲ့ မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည် စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား မပြေလည်မှုတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ကြားဝင်ညှိနှိုင်းပေးပေမယ့် နှစ်ဖက်ပြေလည်မှု မရသေးဘဲ ဆွေးနွေး ပွဲပြီးဆုံးခဲ့ပါတယ်။

အလုပ်သမားတွေဖက်က တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အလုပ်ရှင်ဖက်က လိုက်လျောပေးတဲ့ အခြေအနေမရှိသေးသလို တိုင်းအစိုးရ အဖွဲ့ ဖြေရှင်းပေးလို့မရတာတွေ ရှိနေတယ်လို့  ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအသစ်နဲ့ တချို့ကိစ္စတွေကကျတော့ ဝန်ကြီးဌာနတစ်ခု၊ နှစ်ခုလောက်နဲ့ ကျနော်တို့ကဖြေရှင်းပေးလို့ မရတဲ့ တောင်းဆိုချက်တွေ လည်းရှိတယ်၊ အလုပ်သမားဖက်ကတောင်းဆိုတဲ့ မူလစာချုပ်ပါအချက်အလက်တွေကို ပြန်လည်ဖြည့်စည်းဖို့ပေါ့၊ မူလစာချုပ်မှာပါတဲ့ အပိုဒ် ၈၊ အပိုဒ် ၉အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ပြန်လည်ဖွဲ့စည်းပေးဖို့၊ စာချုပ်ကျတော့ နိုင်ငံတော် အဆင့်ဖြစ်သွားပြီလေ၊ တိုင်းဒေသကြီးအဆင့်လောက်နဲ့လည်း မရဘူး၊ အလုပ်ဖြုတ်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ရေးပေါ့၊ ဒီနေ့နောက်ဆုံးဆွေးနွေးတာကတော့ ဒီနှစ်ချက်ပဲ"

ဒီကနေ့ ဆွေးနွေးပွဲမှာ အရင်အစိုးရလက်ထက် စက်မှုဝန်ကြီးဌာနကနေ လွှဲပြောင်းယူစဉ်က စာချုပ်ပါ အပိုဒ် ၈ နဲ့ ၉ အတိုင်း အလုပ်သမားအခွင့်အရေးပေးဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂၀ ကျော်ကို အလုပ်ပြန်ခန့်ဖို့ အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားတွေ တောင်းဆိုတဲ့ စာချုပ်ပါ အပိုဒ် ၈ နဲ့ ၉ ဟာ အစိုးရဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့် တွေ ပေးထားတဲ့အချက်တွေဖြစ်တယ်လို့ ဦးလှိုင်ဝင်း က ပြောပါတယ်။

အဲဒီ ပန်ဒါစက်ရုံကို အရင်က စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပန်ဒါကုမ္ပဏီ ကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။

လွဲှပြောင်းစဉ်က ဝန်ကြီးဌာနလက်အောက်မှာ လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတွေကိုပါ လွဲှပြောင်း ပေးခဲ့တာဖြစ်ပြီး ကုမ္ပဏီနဲ့ ဝန်ကြီးဌာန အလုပ်သမားတွေအကြား ခံစားခွင့်ပြဿနာတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

လစာငွေ ဖြတ်တောက်ခံရတာနဲ့ အလုပ်သမားအချို့ အလုပ်ထုတ်ခံရတာတွေကြောင့် ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့ကစပြီး အလုပ်သမားတွေက ဆန္ဒပြနေ တာဖြစ်ပါတယ်။ ပန်ဒါစက်ရုံပိုင်ရှင်က အလုပ်ရှင် အလုပ်သမားနဲ့ အလုပ်သမားဦးစီးဌာနကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို လိုက်နာဖို့ ပျက်ကွက်လို့ဆိုပြီး အလုပ်သမား ဦးစီးဌာနကလည်း ပန်ဒါစက်ရုံ ပိုင်ရှင်ကို တရားစွဲဆိုထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေ တဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်၊ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းပေမယ့် ပြေလည်မှုမရခဲ့ဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။