ပအိုဝ်းဂျာနယ် အယ်ဒီတာနှစ်ဦးကို အသရေဖျက်မှုနဲ့ ဒဏ်ငွေဆောင်ဖို့ အမိန့်ချ


2016.10.11
pao-journal-620.jpg ပအိုဝ်းတိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ ခမ်းသားငေါဝ်းဂျာနယ်ကို တွေ့ရစဉ်
Photo: Khun Yarzar

ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းတိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ ခမ်းသားငေါဝ်းဂျာနယ် အယ်ဒီတာချုပ်နဲ့ အယ်ဒီတာတစ်ဦးကို ပင်လောင်းမြို့နယ် တရားရုံးက အသရေဖျက်မှုနဲ့ ဒဏ်ငွေ ကျပ် ၃ သောင်းစီ ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

အသရေဖျက်မှုမြောက်တယ်လို့ အမိန့်ချမှတ်လိုက်တဲ့အပေါ် မကျေနပ်တာကြောင့် အယူခံတက်သွားမယ်လို့ ခမ်းသားငေါဝ်းဂျာနယ်က အယ်ဒီတာချုပ် ကိုခွန်သန်းအောင်က ပြောပါတယ်။

"ဒီပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်ထားတဲ့ အပေါ်မှာ ဘယ်စာပိုဒ်၊ ဘယ်အရေးအသား၊ဘယ်စကားစုက သူ့အတွက် ဂုဏ်သိက္ခာထိပါးစေတယ်၊ အသရေဖျက်စေတယ်ဆိုတဲ့ သက်သေပြဖို့မရှိဘူး၊ အဲဒီတော့ ခြုံပြီးတော့ လုံးပြီးတော့ တရားစွဲတာကို ပြစ်မှုမြောက်ကြောင်းလို့ ချမှတ်လိုက်တာ မတရားဘူးလို့ ကျွန်တော်မြင်တယ်ပေါ့၊ ဒီအပေါ်မှာ ရှေ့ဆက်ပြီး အယူခံတက်ဖို့ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်" လို့ ကိုခွန်သန်းအောင်က ပြောတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ထုတ်ဝေခဲ့တဲ့ ခမ်းသားငေါဝ်းဂျာနယ်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယကရဲ့ မွေးနေ့ပွဲ အတွက် ဒေသခံတွေဆီက လက်ဖက်ခြောက်အချောကောက်ခံခဲ့တဲ့အပေါ် "ဒီလိုကိစ္စမျိုးကို ကျနော်တို့ ဘကြီး သိလိုက်ပါသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျာနယ်မှာ ဆောင်းပါးရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီး နောင်တရားမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ခွန်သောင်းတင်က တရားလိုလုပ်ပြီး ခမ်းသားငေါဝ်းဂျာနယ် အယ်ဒီတာချုပ် ကိုခွန်သန်းအောင်နဲ့ အယ်ဒီတာ ကိုခွန်ရာဇာတို့ နှစ်ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ပင်လောင်းတရားရုံးက ချမှတ်လိုက်တဲ့ ဒဏ်ငွေ ၃ သောင်းစီကို အမှုကိုလိုက်ပါကူညီပေးနေသူတွေက ပေးဆောင် ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။