ဦးပါမောက္ခကို တရားခံပြေးပုဒ်မ ထပ်တိုးအမှုဖွင့်


2017.11.13
parmaukkha-622.jpg လူဝတ်လဲထားသော ဦးပါမောက္ခကို တွေ့ရစဉ်
Photo: Zayar Lin

မနေ့ကဖမ်းဆီးခံလိုက်ရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ အပြင် တရားခံပြေးပုဒ်မ ၅၁၂ တို့နဲ့ ကမာရွတ်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ ဦးပါမောက္ခရဲ့ ဒကာဖြစ်သူ ဦးစည်သူမြင့် က ဒီနေ့ ပြောပါတယ်။

မနေ့က ရုံးထုတ်ခဲ့ပြီး လက်ရှိမှာတော့ ဆရာတော်ကို ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ချုပ်ထားတယ်လို့  ဦးစည်သူမြင့်က ပြောပါတယ်။

"၅၀၅ (ခ) အပြင် တရားခံပြေးပါ ထပ်တပ်ထားတယ်ခင်ဗျ၊ ကမာရွတ်တရားရုံးမှာ မနေ့က ညနေ ၆ နာရီလောက်ကရုံးထုတ်လိုက်တယ်၊ ချုပ်ရက်ရမန်ယူလိုက်တာပေါ့၊ ယူလိုက်ပြီးတော့ အခုဒီလက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊  အနောက်ပိုင်းခရိုင်ရုံး အဲ့မှာ ချုပ်ထားတာပေါ့၊ ဒဂုံရဲစခန်းထဲမှာပေါ့"

လယ်သမားတစ်ဦး လယ်မြေသိမ်းခံထားရတာနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်ရဲစခန်းကို မနေ့က သွားရောက်ပြီး ဆန္ဒပြခွင့်လျှောက်ထားတာကို ဆရာတော်ဦးပါမောက္ခက လိုက်ပါ ကူညီဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့က ဝရမ်းပြပြီး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းသံဃမဟာနာယကအဖွဲ့ရုံးမှာ လူဝတ်လဲလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို အရင်ပုဒ်မတွေအပြင် တရားခံပြေး ပုဒ်မ ၅၁၂ နဲ့ ထပ်တိုးအမှုဖွင့်လိုက်တယ်လို့ ဆရာတော်ရဲ့ ဒကာဖြစ်သူ ဦးစည်သူမြင့် က ပြောပါတယ်။

ဦးပါမောက္ခကို မနက်ဖြန် ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးပါမောက္ခအပြင် မျိုးချစ်ရဟန်းပျိုများ သမဂ္ဂက ဆရာတော် ဦးသုစိတ္တနဲ့ ဆရာတော်ဦးဉာဏဓမ္မ တို့ကိုလည်း ကမာရွတ်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။