ဦးပါမောက္ခအမှု ဒီဇင်ဘာ ၁၂ရက်နေ့ အပြီးသတ်အမိန့်ချမည်
2017.11.28

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုထားတဲ့အမှုကို ပိတ်သိမ်းပေးဖို့ ဆရာတော် ဦးပါမောက္ခ ရှေ့နေရဲ့ လျှောက်ထားချက်ကို လာမယ့် ဒီဇင်ဘာလ ၁၂ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ တရားရုံးထုတ်မှာ တရားလိုဖြစ်သူ မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် မလာရောက်တဲ့အတွက် အမှုကို ပိတ်သိမ်းပေးဖို့တင်လိုက်တဲ့ လျှောက်လဲချက်ကို လာမယ့် ရုံးထုတ်မှာ အမိန့်ချမှာ ဖြစ်တယ်လို့ ဦးပါမောက္ခ မိသားစုဝင် ဦးအောင်မြိုင် (မစိုးရိမ်) ကပြောပါတယ်။
"ဥပေဒအရာရှိဘက်က ဆက်ပြီးဆောင်ရွက်သင့်ကြောင်း လျှောက်လဲချက်တင်ပြီးတဲ့အချိန်မှာပဲ တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမိုးအေးက ယခုပေါ်ပေါက်မှုအရ တရားလိုဖြစ်သူက ရာဇဝတ်ကျင့်ထုံး အတိုင်း ရုံးရှေ့ကို လာရောက်ထွက်ဆိုရမှာ ဖြစ်ရက်သားနဲ့ လာရောက်မထွက်ဆိုတဲ့အပေါ်မှာ ဤအမှုကို ပိတ်သိမ်းပေးဖို့ ထပ်ပြီးတော့ လျှောက်လဲချက်တင်ပါတယ်၊ အဲဒီလျှောက်လဲချက်အတွက်လည်းပဲ လာမယ့် ၁၂ ရက် ၁၂ လမှ ဆုံးဖြတ်ချက်ချပေးမယ်လို့ တရားသူကြီးက ရက်ချိန်းပေးပါတယ်"
လက်ရှိမှာ ဦးပါမောက္ခဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် တစ်လ ချမှတ်ခံထားရပါတယ်။
ရုံးထုတ်အပြီးမှာ ဦးပါမောက္ခက တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
"မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို ထောင်ချခြင်းသည် ရိုဟင်ဂျာကို ထောက်ခံခြင်းဖြစ်တယ်၊ ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ နောက်ထပ်ဘုရားတစ်ဆူ ပွင့်အောင် စောင့်ရအုံးမှာလားလို့ ဘုန်းကြီးက မေးပါရစေ၊ အင်းစိန်အကျဉ်းထောင်ထဲမှာလည်းပဲ ပြစ်မှု မကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေဟာ ထောင်နဲ့ချီရှိနေပါတယ်"
ဦးပါမောက္ခကို တရားစွဲဆိုဖို့အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့လျှောက်လွှာထဲက ဒုမြို့နယ်မှူး ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်ဟာ သူ့လက်မှတ် မဟုတ်ဘူးလို့ ကာယကံရှင် ဦးသန်းထွန်းအောင် က တရားရုံးမှာ ထွက်ဆိုထားပါတယ်။
လယ်သမားတစ်ဦး မြေသိမ်းခံရတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့က မြောက်ဒဂုံမြို့နယ်ရဲစခန်းမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ကူညီပေးစဉ်မှာ ဆရာတော် ဦးပါမောက္ခကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီးလူဝတ်လဲ ခဲ့တာ ဖြစ်ပါတယ်။
ဦးပါမောက္ခဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးစွဲမှုကို ကန့်ကွက် ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။