ဦးဇခုန်တိန့်ယိန်း အိမ်နဲ့ ရုံးရှေ့ ဆန္ဒပြသူများ အမှုဖွင့်ခံရ
2016.03.07
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဘိန်းခင်းဖျက်ဆီးခဲ့တဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖဲ့ွ တိုက်ခိုက်ခံရတာကို မကျေနပ်တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေည့က ကချင်ပြည်နယ်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်နဲ့ ရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့တဲ့ ပတ်ဂျာဆန်အဖွဲ့ဝင်တွေကို အကျိုးဖျက်ဆီးမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု စတဲ့ ပုဒ်မ ၆ ခု နဲ့ ဒီနေ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေက ပန်းအိုးတွေနဲ့ မှန်တွေကို ဖျက်ဆီးခဲ့တာကြောင့် ငွေကျပ် ၁ဝ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့သလို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ကြိမ်းမောင်းခြိမ်းခြောက်ခဲ့တဲ့အတွက် အရေးယူပေးဖို့ ဦးဇခုန်တိန့်ယိန်း မိသားစုဝင်တွေက တိုင်ကြားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ် သက်နိုင်ဦး က ပြောပါတယ်။
"သူတို့အဖွဲ့တွေက ခြံတံခါးကိုတွန်းဖွင့်တော့ ခြံတံခါးပိတ်ထားတော့ ဝင်လို့မရတာနဲ့ လမ်းပေါ် ကနေ လောက်လေးဂွတွေနဲ့ပစ်တယ်၊ ခဲတွေနဲ့ ပေါက်တာပေါ့နော်၊ အော်ဟစ်ပြီးတော့လည်း ဆဲဆိုတယ်၊ အိမ်အဆောက်အဦးရဲ့ ဒုတိယထပ်က မှန် ၅ ချပ်ရယ်၊တတိယထပ်က မှန် ၁ ချပ်ရယ် စုစုပေါင်း မှန် ၆ ချပ်ပေါ့နော်၊ နောက်ပြီးတော့ ပန်းအိုး ၁ လုံး ကွဲခဲ့တာမို့ စုစုပေါင်း တန်ဖိုး ၁ဝ သိန်းကျပ်ခန့်လောက် ဆုံးရံှူးသွားတာပေါ့နော်၊ အဲ့အပြင် ဦးဇခုန်တိန့်ယိန်းတို့ကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းသွားအောင် ပြော ဆိုမှုတွေလည်းဖြစ်ခဲ့တယ်၊ နောက် ကြိမ်းမောင်ခြိမ်းခြောက်မှုတွေဖြစ်ခဲ့တယ်ပေါ့၊ သူတို့ကို ကျနော်တို့က တရားခံအမည်လို့ တပ်ပြီးတော့ တိုင်တန်းခြင်းရှိတဲ့အတွက် စုံစမ်းပြီးတော့ ကျနော်တို့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ တို့၊ ၃၃၆၊ ၄၂၇ နဲ့ ၅ဝဝ၊ ၅ဝ၆၊ ၁၁၄ တွေနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတာ ရှိပါတယ်၊ ဦးဇခုန်တိန့်ယိန်းရဲ့ ပတ်သက်တဲ့ အဆောက်အဦး ၂ ခုကို ဥပဒေမဲ့မင်းမဲ့စရိုက်ပြုလုပ်ဆောင် ရွက်မှုအပေါ်မှာ တိုင်တန်းချက်အရသာ ကျနော်တို့ နယ်မြေရဲစခန်းအနေနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိပြီးဖြစ်ပါတယ်"
နေအိမ်မှာ မကြားဝံ့ မနာသာအောင်ဆဲဆိုမှု၊ ကျောက်ခဲ၊ လောက်လေးခွနဲ့ ပစ်ခတ်မှု၊ အကျိုးဖျက်ဆီးမှု၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု စတဲ့ ပုဒ်မ ၆ ခု နဲ့ အမှုဖွင့်သလို ရုံးအတွက်လည်း အလားတူပုဒ်မ ၆ ခုနဲ့ သီးခြားစီ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် ဆဒုံး၊ ကန်ပိုက်တီဒေသဘက်ကို ဘိန်းခင်းဖျက်ဆီးရေး သွားရောက်ချိန်မှာ ဒေသခံ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်ဂျာဆန်လို့ခေါ်တဲ့ ကချင်လူထု အခြေပြု ဘိန်းဖျက်ဆီးရေးအဖွဲ့တွေအကြား နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကို မကျေနပ်တဲ့ ပတ်ဂျာဆန် အဖွဲ့နဲ့ ကချင်လူငယ်အဖွဲ့တွေက အဲ့ဒီနေ့ ညပိုင်းမှာ မြစ်ကြီးနားမြို့မှာ လှည့်လည်ဆန္ဒပြပြီး မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှာရှိတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်နဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ ဆက်ဆံရေးဌာနရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဘိန်းခင်းဖျက်ဆီးမှုကြောင့် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လတ်တလော ခုံရုံးဖွဲ့စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။