ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပြန်လွှတ်ဖို့ Pen America တောင်းဆို
2019.11.01

မြန်မာ့တပ်မတော်ကို သံချပ်နဲ့သရော်တဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချမှတ်လိုက်တာဟာ လူတွေရဲ့ဉာဏ်ကွန့်မြူး ထုတ်ဖော်ပြသခွင့်ကို ဗြောင်ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ Pen America ဆိုတဲ့ အမေရိကန် ကလောင်ရှင်များအသင်းက မနေ့က ပြောလိုက်ပါတယ်။ ဒါကြောင့် အဲဒီတရားရုံးအမိန့်ကို ပြန်လည်ရုပ်သိမ်းပြီး သူတို့ကို လွှတ်ပေးသင့်တယ်လို့ပြောပါတယ်။
သံချပ်ဆိုတဲ့ အနုပညာဖန်တီးတဲ့ လူငယ်ငါးယောက်ကို အခုလိုအပြစ်ပေးတာဟာ စစ်အစိုးရခေတ်က လုပ်ရပ်တွေနဲ့ တူနေတယ်လို့လည်း အမေရိကန် ကလောင်ရှင်များအသင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ညွှန်ကြားရေးမှူး Karin Deutsch Karlekar ကထောက်ပြပါတယ်။
သရော်တယ်ဆိုတာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ရှိနေပြီးသားဖြစ်သလို၊ လူတွေရဲ့ခံစားချက်တွေကို ပုံစံတမျိုးနဲ့ ပြောပြတာဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့တပ်မတော်ဟာ ဒီလိုသရော်တာကို အရေမထူကြဘူး။ ဒီလိုသရုပ်ဖော်တာဟာ ရာဇဝတ်မှုကျူးလွန်တာလည်း မဟုတ်ဘူးလို့ သူကပြောပါတယ်။
ဒါကြောင့် ဖိနှိပ်တဲ့ဥပဒေတွေကို မြန်မာပြည်မှာပြုပြင်ပြောင်းလဲနေပြီဆိုတာ ပေါ်လွင်ဖို့အတွက် တရားရုံးအမိန့်ကို ပြန်ရုပ်သိမ်းဖို့နဲ့ အဲဒီလူငယ်တွေကို ခြွင်းချက်မရှိလွှတ်ပေးသင့်တယ်လို့ Pen America အသင်းက တောင်းဆိုလိုက်ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဦးဆောင်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်းတို့ ငါးယောက်ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားစွဲတဲ့အတွက်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်စီကျခံဖို့ မရမ်းကုန်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၃ဝ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။ သူတို့ကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ပုသိမ်နဲ့ ဖျာပုံမြို့နယ်တွေမှာလဲ အလားတူတရားစွဲထားပါတယ်။