အာဇာနည်နေ့ စာပေဟောပြောပွဲ ခွင့်ပြုချက်ယူဖို့ ရွှေဘို အုပ်ချုပ်ရေးမှူး တောင်းဆို


2016.07.18

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်က ရွှေခြင်္သေ့ဘုန်းကြီးကျောင်းမှာ ရွှေဘိုခရိုင် ဗကသအဖွဲ့ က မနက်ဖြန် ၆၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပဖို့ စီစဉ်နေတာကို ခွင့်ပြုချက် ရယူပြီးမှ ကျင်းပဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားခဲ့ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနက်ဖြန်ပွဲအတွက် ဒီနေ့မှ ခွင့်ပြုချက်တင်ဖို့ လာပြောခဲ့တာဖြစ်ပြီး အရင်လုပ်ခဲ့တဲ့ပွဲမှန်သမျှ ခွင့်ပြုချက်တင်ခဲ့တာမရှိသလို ဗကသအဖွဲ့ရဲ့ မူအရလည်း ခွင့်ပြုချက် တင်မှာမဟုတ်ကြောင်း ရွှေဘိုခရိုင်ဗကသအဖွဲ့ ဘဏ္ဍာရေးမှူး မချိုဇင် က ပြောပါတယ်။

"စာပေဟောပြောပွဲလုပ်ဖို့ မြို့ထဲမှာကြော်ငြာနေတာလည်း တော်တော်ကြာပြီ၊ ၁၅ ရက်၊ ရက် ၂ဝ လောက်ရှိနေပြီ၊ အလှူလည်းလိုက်ခံတယ်၊ စတစ်တာတွေလည်းဖြန့်တယ်၊ ဗွီနိုင်းတွေလည်းထောင်တယ်၊ အဲ့တုန်းကဘာမှ မပြောဘူး၊ အခမ်းအနားပြင်ဆင်နေမှ စာတင်ရမယ်ဆိုပြီး လာပြောပါတယ်ရှင့်၊ ခွင့်ပြုချက်မတင်ရင် သူတို့အနေနဲ့ လုပ်စရာရှိတာကို ဆက်လုပ်မယ်ဆိုပြီး လာပြောသွားတာရှင့်၊ ဗကသ အလုပ်မှန်သမျှ ခွင့်ပြုချက်တင်ခဲ့တာ မရှိပါဘူးရှင့်၊ ကျမတို့မူအရလည်း တင်ခွင့်မရှိဘူးရှင့်၊ အဲ့တော့ မတင်နိုင်ဘူးဆိုတဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်"

လုပ်ရိုးလုပ်စဉ်အတိုင်း တရားပွဲ၊ စာပေဟောပြောပွဲ စတဲ့ အသံချဲ့စက်အသုံးပြုတဲ့ပွဲတွေ ဖြစ်တဲ့အတွက် ခွင့်ပြုချက်စာတင်ဖို့ ပြောကြားခဲ့တာဖြစ်ကြောင်း အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စွေ က ပြောပါတယ်။

အဲ့ဒီ စာပေဟောပြောပွဲကို မနက်ဖြန် ညနေ ၃ နာရီကနေ ၇ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး စာရေးဆရာမ နှင်းပန်းအိမ်၊ စာရေးဆရာ ညီစေမင်းနဲ့ မောင်မှိုင်းလွင်(အင်းဝ) တို့က ဟောပြောမှာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်၊ နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးမှာ ကျင်းပသွားမှာဖြစ်ပြီး အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေးမှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။