ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ နမ့်မှော်ရွာက ရတနာစန်းရွှင်ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံပြိုကျလို့ မနေ့က ပျောက်ဆုံးခဲ့တဲ့ ရေမဆေးသမား ၄ ယောက်ရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေကို ရပ်နားလိုက်ပြီလို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူက ပြောပါတယ်။
မနေ့က ညနေပိုင်းအထိ ၃ လောင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ အလောင်း ၁ လောင်း စုစုပေါင်း ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စာရင်းပေးထားတဲ့အတိုင်း တွေ့ရှိခဲ့တာကြောင့် ရှာဖွေရေးတွေကို ရပ်နားလိုက်ပြီလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
"လေးယောက်ပြန်တွေ့တယ်၊ ဒီလေးယောက်ပါသွားတယ်ဆိုတာ အတူတူလာတဲ့လူတွေပြောလို့ သိတာပဲလေ၊ အခုထက်ထိပျောက်ဆုံးနေသူဆိုပြီး လာရောက်သတင်းပေးတိုင်ကြားတာ မရှိပါဘူး"
ဖားကန့်အုပ်ချုပ်ရေးအဖွဲ့ရဲ့စာရင်းတွေအရ မနေ့က မြေစာပုံပြိုကျလို့ ပျောက်ဆုံးနေသူတွေဟာ စစ်ကိုင်းတိုင်းဒေ သကြီး ပင်လယ်ဘူးမြို့နယ် က ၃ ယောက်နဲ့ တန့်ဆည်မြို့နယ်က ၁ ဦး ဖြစ်ပါတယ်။
မြေစာပုံပြိုကျတဲ့နေရာမှာ ကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နေတဲ့ သင်္ခါလူမှုကူညီရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင် ကလည်း စာရင်းအရ ပျောက်ဆုံးနေတဲ့ ရေမဆေးသမား ၄ ယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် တာဝန်ရှိသူတွေက ကူညီရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာလို့ ပြောပါတယ်။
လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျောက်ဆုံးနေသူအရေအတွက်ကို အမျိုးမျိုး ရေးသားနေတာတွေဟာ ကောလာ ဟလတွေဖြစ်တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ ဒီဇင်ဘာ ၄ ရက်နေ့က ရေမဆေးသမား ၆ ယောက်သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ၅ ယောက် သေဆုံးခဲ့ပါတယ်။ အခုဒီတစ်ကြိမ်နဲ့ပါဆို သီတင်းတစ်ပတ်အတွင်း နေရာ ၃ ခု မှာ မြေစာပုံ ၃ ကြိမ်ပြိုကျခဲ့ပြီး လူ ၁၅ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အခုလိုပွင့်လင်းချိန် ဆောင်းကာလမှာ စွန့်ပစ်မြေစာပုံပြိုကျမှုတွေနဲ့အတူ မိုးကာလမှာ ကျောက်တောင်ကမ်းပါးတွေပြိုကျလို့ မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခု နိုဝင်ဘာလအတွင်းက ဆိပ်မူကျေးရွာအုပ်စု ကန်ခမ် စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျလို့ လူအယောက် ၁၁၀ ကျော် သေဆုံးခဲ့မှုဟာ အခုနှစ်ပိုင်းတွေအတွင်း လူအသေအပျောက်အများဆုံး အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။
