ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမြေမှာ စွန့်ပစ်မြေစာပုံပြိုကျပြီး လူတွေ သေဆုံးရတာဟာ ကျောက်စိမ်း လုပ်ငန်းမှာ တာဝန်ခံမှုလိုအပ်နေတာကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာပဲလို့ ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က မနေ့က ပြောကြားလိုက်ပါတယ်။
ကျောက်စိမ်းကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျတာဟာ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်းများစွာ အကျိုးအမြတ်ရနေတဲ့ လုပ်ငန်းရှင်တွေ မလျော်မကန် ဆောင်ရွက်နေတာ အပြစ်ကကင်းလွတ်ခွင့်ရတဲ့ သဘောပဲလို့ Global Witness ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်အရေး မပြတ်စောင့်ကြည့်နေတဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကချင်မဟာမိတ်အဖွဲ့က Gum San ကလည်း လုပ်ငန်းရှင်ကြီးတွေကို ထိလို့မရဘူးလို့ ပြောပါတယ်။
"အစိုးရမှာတာဝန်ရှိတယ် အစိုးရ အာဏာပိုင်တွေက တာဝန်ရှိတယ်၊ ကုမ္ပဏီတွေက လုံးဝတာဝန်ရှိတယ်၊ ဒီမြေစာပုံတွေချည်းပဲမဟုတ်ဘူး နောက်ရေလွှဲတာတို့ဘာတို့ ဥရုချောင်းရေလွှဲတဲ့ကိစ္စတို့ဘာတို့က အကုန်လုံးဒါတွေက အာဏာပိုင်တွေကိုယ်တိုင် ပါဝင်နေတယ်ဆိုတော့ ဘယ်သူမှမထိရဲ မတို့ရဲဖြစ်နေတယ်၊ အရေးယူဖို့ကလည်း ဘယ်သူမှမလုပ်ရဲဘူး စစ်တပ်ပါတယ်၊ ဖားကန့်မှာဆိုရင် အရေးကြီးဆုံးထဲမှာဦးပိုင် ပါတယ်၊ ဦးပိုင်က စစ်တပ်ကနေ ကိုင်ထားတဲ့ဟာ၊ ဘယ်သူမှ မထိရဲမတို့ရဲဘူး"
အစိုးရက လုပ်ပိုင်ခွင့်ချထားပေးတဲ့ ကုမ္ပဏီကြီးတွေကြောင့် လူတွေခုလိုသေဆုံးရတယ်လို့ အာရှရေးရာ Global Witness ညွှန်ကြားရေးမှူး Mike Davis ကပြောပါတယ်။ ကုမ္ပဏီကြီးတွေဟာ တစ်နှစ်တစ်နှစ် ဒေါ်လာသန်းပေါင်း များစွာတန်တဲ့ ကျောက်စိမ်းတွေ ရယူနေပြီး သူတို့စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေရတဲ့ ဒေသခံတွေနဲ့ အနယ်နယ်အရပ်ရပ်က လူတွေသေဆုံးရတာလို့ ပြောပါတယ်။
နိဗ္ဗာန်ဘုံကျောက်လို့တင်စားတဲ့ ကျောက်စိမ်းထွက်ရာ ဖားကန့်ကို အဲဒီမှာနေတဲ့ လူတွေအတွက် ငရဲခန်း ကျဉ်းလေးဖြစ်သွားအောင် လုပ်တဲ့လူတွေ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာ အဆုံးသတ်ဖို့ အစိုးရက အရေးယူဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။
Global Witness ဟာ ဒီနှစ် အောက်တိုဘာလထဲမှာပဲ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်ဆိုတဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်မိသားစုနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ မူးယစ်ရာဇာတွေဟာ ကျောက်စိမ်းလုပ်ငန်းကို ချုပ်ကိုင်နေကြပြီး ၂ဝ၁၄ ခုမှာပဲ ကျောက်စိမ်းကနေ ဝင်ငွေ ဒေါ်လာ ၃၁ ဘီလီယံ ရရှိတဲ့အကြောင်း ဖော်ပြပါတယ်။
မူးယစ်ရာဇာ ဝေရှောက်ခမ်းလို့ ဗမာတွေသိတဲ့ ဝေဆူးကျန် ကျောက်စိမ်းလုပ်ငန်းမှာ လကဝဝါးကြီးအုပ် ပါဝင်ပတ်သက်နေတဲ့ အကြောင်းတင်ပြထားတဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ Global Witness က စီစဉ်နေတယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမြေ စွန့်ပစ်မြေစာပုံပြိုကျတဲ့အကြောင်း နိုင်ငံတကာ သတင်းတွေနဲ့ ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီအကြောင်းနဲ့ တနိုင်တပိုင်လုပ်ရာက ကုမ္ပဏီကြီးတွေ လက်ဝါးကြီးအုပ်သွားတဲ့ ကျောက်စိမ်းလုပ်ငန်းအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
