ဖားကန့်မြေပြိုမှု လူ ၇ဝ ကျော် ပျောက်ဆုံးနေဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ-မှော်သစ်ကုန်းကျေးရွာက ရတနာကြယ် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ထဲ မှာ ကျောက်ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ ၇၀ ကျော် ရှိကြောင်း ဆိပ်မူကျေးရွာ အန်အယ်လ်ဒီပါတီ က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ညက ကျောက်ကြောကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသူတွေ အခြေအနေကို မနေ့က ဝှေခါဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံမေးမြန်းရာမှာ သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိပ်မူကျေးရွာ NLD ပါတီဝင် ဦးမွှေးကြီးက ပြောပါတယ်။

"ဖားကန့်မှာ ထိခိုက်ဒဏ်ရာရတာ ၁၉ ယောက် ပျောက်ဆုံးနေတဲ့ ၇၃ ယောက်ကတော့ ရှာမတွေ့သေးဘူး၊ ဆက်လက်လည်း မရှာဖွေဘူး၊ ဒီအတိုင်းပဲထားကြတယ်၊ ကုမ္ပဏီ ဘတ်ဟိုးတွေနဲ့ လုပ်သင့်တာကို မလုပ်ဘူး၊ အုပ်ချုပ်ရေးကလည်း အဲ့ဒါမျိုးလုပ်တာ အားနည်းနေတာတွေ့ရတယ်၊ ပြောရမယ်ဆိုရင် အုပ်ချုပ်ရေးနဲ့ ကုမ္ပဏီ ပူးပေါင်းပြီးတော့မှ စက်ယန္တရားတို့ဘာတို့နဲ့ ရှာသင့်တယ်ပေါ့ဗျာ၊ တစ်ရက်၊ နှစ်ရက်မက သုံးရက်ပေါ့ဗျာ၊ ခုဟာက အလောင်းမရဘူး၊ အဲ့တော့ အိမ်တိုင်းမှာလိုလို ဘုန်းကြီးတွေဘာတွေ တချို့သွားပင့်တဲ့လူတွေကတော့ ပင့်နေကြပြီ၊ အဲ့ဒါစိတ်မကောင်းစရာ ဖြစ်ရတာပေါ့ဗျာ"

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးကို မေးမြန်းရာမှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် မြေပြို ကျမှု နောက်ဆုံးအခြေအနေကို မြို့နယ်အုပ်ချုပ်ရေးရုံးကို တင်ပြလာတာ မရှိသေးဘူးလို့ ဖြေကြားပါတယ်။

မနေ့က ရှာဖွေတွေ့ရှိတဲ့ အခြေအနေအရ သေဆုံးသူ ၁၂ ယောက်နဲ့ ဒဏ်ရာရသူတွေထဲက ၁၄ ယောက် ဟာ မြစ်ကြီးနားဆေးရုံ နဲ့ ဖားကန့်ဆေးရုံမှာ ကုသခံနေရတာဖြစ်ပါတယ်။

ကုမ္ပဏီက တောင်ဖြိုမိုင်းတွေနဲ့ ဖြိုခွဲထားတဲ့ ကျောက်ကမ်းပါးဟာ မိုးဆက်တိုက် ရွာနေတာကြောင့် ပြိုကျခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်မှော်ရွာမှာ ကျောက်ကြောကမ်းပါး ပြိုကျပြီး ကျောက်ရှာဖွေသူ ၁၃ ယောက် သေဆုံးခဲ့ပါသေးတယ်။