ရိုဟင်ဂျာတွေကို မေ့မထားဖို့ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးပြော

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို မေ့မထားကြဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇက်ဘဇားဒေသရှိ ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကို မနေ့က သွားရောက်ခဲ့ပြီးနောက် သူက ပြောလိုက်တာပါ။

"ဘင်္ဂလားဒေ့ရှ်ကို ကျနော်လာရတဲ့ အကြောင်းက ဘင်္ဂလားဒေ့ရှ်ဟာ UNHCR ရဲ့ မိတ်ဖက်နိုင်ငံလည်း ဖြစ်တယ်။ ဒီရိုဟင်ဂျာတွေရဲ့ အရေးကိစ္စဟာ ကျနော်တို့ရဲ့ ဦးစားပေးကိစ္စလည်း ဖြစ်တယ်။ ယူကရိန်းမှာ အရေးပေါ်အခြေအနေ ဖြစ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးမှာ တခြားဂရုစိုက်ဖို့ လိုနေတဲ့၊ ဦးစားပေးလုပ်ဖို့ လိုနေတဲ့ ကိစ္စတွေကိုလည်း မေ့မထားသင့်ပါဘူး"

ကုလမဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီဟာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ငါးရက်ကြာ ခရီးထွက်နေတာလည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

မေလ ၂၃ ရက်နေ့ကလည်း ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖိလစ်ပို ဂရမ်ဒီ တွေ့ဆုံခဲ့ပါတယ်။

"ကျနော်တွေ့ခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက မြန်မာပြည်ကို ပြန်ချင်ကြတဲ့အကြောင်း၊ သူတို့ရဲ့တိုင်းပြည်ကို ပြန်ချင်ကြတဲ့အကြောင်း ကျွန်တော့်ကို ထပ်တလဲလဲ ပြောကြပါတယ်။ မြန်မာပြည်ပြန်တယ်ဆိုတာက ဒုက္ခသည်စခန်းနားက မြစ်ကလေးကို ကျော်လိုက်ရုံပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ လုံခြုံရေးစိတ်ချရမှ၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှ ပြန်ချင်ကြတာပါ။ အခုက သူတို့ဟာ နိုင်ငံမဲ့တွေလို ဖြစ်နေတာပါ။ လွတ်လပ်မှုလည်း ရှိမယ်၊ ခရီးသွားလာခွင့်တွေလည်း ရမယ်ဆိုရင် အိမ်ပြန်ချင်ကြတယ်လို့ ပြောတယ်" လို့ ဖိလစ်ပို ဂရမ်ဒီကပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်နေချိန်မှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ နှောင့်နှေးနေတာဖြစ်ပါတယ်။

လက်ရှိအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို နေရပ်ပြန်လာဖို့ ဖိတ်ခေါ်နေပေမယ့် တစ်ချိန်တည်းမှာ မြန်မာနိုင်ငံဘက် ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။