ပင်လည်ဘူးမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေ

RFA Burmese
2024.09.07
ပင်လည်ဘူးမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေ ပင်လည်ဘူး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
Facebook/ Pinlebu Revolution - PR

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ် အထိုင်ချနေရာကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တဲ့ အဲဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်က ရဲစခန်းတစ်နေရာတည်းမှာပဲ စစ်ကောင်စီတပ်က အင်အားနှစ်ရာကျော်နဲ့ ခုခံနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာလည်း ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီတပ် ကျန်ရှိနေသေးတဲ့ ရဲစခန်းနေရာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"တပ်စခန်းကတော့ ရဲစခန်းမှာပဲ အားလုံး စုပြီးကျန်နေတယ်။ စစ်ကူစစ်ကြောင်းကိုလည်း မြို့ထဲမှာဖြတ်တောက်ပြီး ဝိုင်းပိတ်ထားတယ်။ လက်ရှိတိုက်ပွဲအခြေနေကတော့ တော်တော်လေး ကောင်းပါတယ်။ စစ်ကူစစ်ကြောင်းတွေကိုလည်း ဖြတ်တောက်ထားနိုင်ပါတယ်။ ရန်သူ့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ များနေပြီ။ ကျန်းမာရေးမကောင်းတဲ့သူတွေရော တော်တော်များနေပြီ။ ဒီဘက်ကတော့ အဆက်မပြတ် ဖိအားပေးနေတယ်"

စစ်ကောင်စီဟာ သြဂုတ်လ ၂၇ ရက်နေ့က ပင်လည်ဘူးမြို့ ရဟတ်ယာဉ်တွေနဲ့ စစ်ကူဖြည့်ခဲ့ပြီး အဲဒီစစ်ကူတွေအပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဆယ်ကျော် စက်တင်ဘာလ ၄ ရက်နေ့က လက်နက်ချခဲ့တယ်လို့ သူကဆိုပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ညကလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပင်လည်ဘူးမြို့ကို လေကြောင်းကနေ ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်က နေအိမ်အများစု ထိခိုက်ပျက်စီးနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူထံ RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ပြောဆိုပါတယ်။

ပင်လည်ဘူးမြို့အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်၊ ထီးချိုင့်မြို့တွေကို သိမ်းပိုက်နိုင်ရေး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။