ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် အပြင်းအထန်ခုခံနေ
2024.09.09
ကာကွယ်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းနေပြီး လေကြောင်းကနေလည်း အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ပင်လည်ဘူးမြို့နယ်ထဲကို ဝန်းသိုမြို့နယ်ထဲကနေ စစ်ကောင်စီရဲ့ မြေပြင်တပ်တွေက စစ်ကြောင်းထိုးလာသလို စက်တင်ဘာလ ၈ ရက်နေ့ကလည်း ရဟတ်ယာဉ် ခုနစ်စင်းနဲ့ စစ်ကောင်စီ ခလရ (၈၇) နဲ့ ခမရ (၃၆၈) တပ်ရင်းတွေကနေ စစ်အင်အား နှစ်ရာခန့် လာချသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဝန်းသိုဘက်က စစ်ကြောင်းထိုးလာတယ်။ အခု ဝဲလာရွာအရှေ့ဘက်ကို ရောက်နေပြီလို့ သိရတယ်။ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာလည်း ဟုမ္မလင်းလေတပ်ကနေ လေယာဉ် ခုနစ်စီးနဲ့ တပ်ရင်းနှစ်ရင်း လာချပါတယ်။ အင်အားတော့ နှစ်ရာဝန်းကျင်ရှိတယ်။ လူတိုးချတဲ့အပြင် လေကြောင်းကနေလည်း ပစ်သွားတယ်"
ပင်လည်ဘူးမြို့က စစ်ကောင်စီတပ် အထိုင်ချနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်က မြို့ထဲက ရဲစခန်းတစ်နေရာထဲမှာပဲ အင်အားနှစ်ရာခန့်နဲ့ ခုခံနေရချိန် အခုလို အင်အားတွေ ထပ်တိုးလာတာလို့လည်း ဆိုပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ တိုက်ပွဲတစ်လနီးပါးအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ကိုးဆယ်နီးပါး လာရောက်ပတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စက်တင်ဘာလ ၄ ရက်နေ့ကတော့ စစ်ကောင်စီတပ်သား ရှစ်ဆယ်ကျော် ကာကွယ်ရေးပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပင်လည်ဘူးမြို့အပြင် စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်၊ ထီးချိုင့်မြို့တွေကို သိမ်းပိုက်နိုင်ရေး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။