လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နဲ့ ပဲခူးတိုင်းမှာ သစ်မာပင် နှစ်ထောင်လောက် စိုက်ပျိုးမှာဖြစ်ပါတယ်။
ပဲခူးတိုင်း NLD ပါတီဝင်တွေက မြို့နယ် ၂၈ မြို့နယ်မှာ စိုက်ပျိုးသွားမှာဖြစ်တယ်လို့ ပဲခူးတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးချိုက ပြောပါတယ်။
"ပဲခူးတိုင်း NLD တိုင်းဥက္ကဌကနေပြီးတော့ ပဲခူးတိုင်းသစ်တောရေးရာဝန်ကြီးကို အကူအညီတောင်းတဲ့ အခါကျတော့ ၂၈ မြို့နယ်လုံး တစ်ရက်ထဲစိုက်ကြမယ်၊ မနှစ်ကတော့ သစ်ပင်မစိုက်ဖြစ်ဘူး၊ ဒီနှစ်မှာကိုယ့် အစိုးရလည်းဖြစ်တော့ သစ်ပင်တောင်းလို့လည်းလွယ်တော့ အဲ့လိုလုပ်ကြတာပေါ့၊ ဒေါ်စုမွေးနေ့မှာ"
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ သစ်ပင်တွေ စိုက်ပျိုးကြဖို့ နဲ့ ရေရှည်ထိန်းသိမ်းနိုင်မယ့် နေရာတွေမှာ ရွေးချယ် စိုက်ပျိုးဖို့ ပဲခူးတိုင်း NLD ဥက္ကဌ ဦးသိန်းတန်က မြို့နယ် အသီးသီးကို ညွှန်ကြားထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှာ အသစ်ဆောက်လုပ် ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ် ကိုလည်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
