ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေလွိုင်ကော် ပရဟိတအဖွဲ့က ဦးဆောင်ပြီး ကယားပြည်နယ် ဒီမောဆိုမြို့က ကန်ခုနှစ်ဆင့်နေရာ မှာ သစ်ပင် ၅ဝဝဝ စိုက်ပျိုးဖို့ ပြင်ဆင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတာအပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ သစ်ပင်တွေကို စိုက်ပျိုးရတာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့က ကိုသက်တင်က ပြောပါတယ်။
"အမေစု ၇၁ နှစ်ပြည့်မွေးနေ့မှာ သစ်ပင်စိုက်ရတဲ့အကြောင်းရင်းက ကယားပြည်နယ်မှာ သစ်တောတွေ က ပြုန်းကုန်ပြီ၊ တောင်တွေလည်း ကတုံးတွေဖြစ်နေပြီ၊ ပူရင်လည်း အရမ်းပူတယ်၊ အေးရင်လည်း အရမ်းအေး တယ်၊ အဲ့အတွက် သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအဖွဲ့ရယ်၊ သစ်တောဦးစီးဌာနရယ်၊ ကယားပြည်နယ် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေရယ်၊ ပရဟိတအဖွဲ့တွေနဲ့ သစ်ပင်စိုက်ဖို့ ကြိုးစား ပူးပေါင်းဆောင်ရွက်နေပါတယ်၊"
သစ်ပင်စိုက်ပျိုးဖို့အတွက် နေရာသတ်မှတ်ထားတဲ့ ဒီမောဆိုမြို့နယ်ထဲက ကန်ခုနှစ်ဆင့်ဆိုတဲ့နေရာဟာ သဘာဝ အလျောက် ရေကန်တွေ အဆင့်ဆင့်နဲ့ ခုနှစ်ခုဖြစ်နေတဲ့ နေရာဖြစ်ပြီး ကယားပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခု လည်း ဖြစ်ပါတယ်။
စိုက်ပျိုးမယ့်အပင် ၅ဝဝဝ ထဲမှာ ကျွန်း၊ ထင်းရှူး၊ ရေသင်းဝင်၊ စိန်ပန်း၊ မဟော်ဂနီ၊ မဲစလီ စတဲ့အပင်တွေ ပါဝင်တယ်လို့ ပြောပါတယ်။
ကယားပြည်နယ်ထဲမှာ သစ်တောတွေ ပြုန်းတီးနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးနေကာ ရာသီဥတု မမျှတတာတွေလည်း ဖြစ်နေတာကြောင့် အခုလိုစိုက်ပျိုးတာလို့လည်း ပြောပါတယ်။
သစ်ပင်စိုက်ပျိုးဖို့အတွက် ကယားပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ ရွေလွိုင်ကော်၊ ကန္နရဝတီ လူမှုကူညီရေးအသင်း၊ ခေတ်သစ် လူငယ်ပရဟိတအသင်း (မိုးဗြဲ)၊ ကယားပြည်နယ် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့၊ အထက (၂) ကျောင်းသားဟောင်းများ စတဲ့အဖွဲ့၁ဝ ဖွဲ့ ကျော်လောက် ပူးပေါင်းပါဝင်မှာဖြစ်ပြီး လူဦးရေ ၂ဝဝ ကျော် ပါဝင်ကြမယ်လို့ ပြောပါတယ်။
