ခေတ်ပေါ်မြန်မာကဗျာဆရာ မောင်သင်းခိုင် ကွယ်လွန်
မြန်မာ့ကဗျာလောကမှာ ထင်ရှားတဲ့ အသက် ၈၁ နှစ်အရွယ်ရှိ ကဗျာဆရာ မောင်သင်းခိုင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ဒီနေ့ ညနေက ကွယ်လွန်သွားတယ်လို့ ပျဉ်းမနားဒေသခံ ကဗျာဆရာတစ်ဦးက RFA ကိုပြောပါတယ်။
နေပြည်တော် ပျဉ်းမနားက သူ့ရဲ့နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ဆုံးပါးသွားတာဖြစ်ပြီး မနက်ဖြန် ဇူလိုင်လ ၃၁ ရက် မနက် ၁၀ နာရီမှာ နေပြည်တော် ကွေ့ကြီးသုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ သူက ပြောပါတယ်။
" မော်ဒန်ကဗျာခေတ်ဦးမှာ ဦးဆောင်ခဲ့တဲ့သူတွေပေါ့။ သူနဲ့ခေတ်ပြိုင်တွေက မရှိတော့သလောက်ပဲ။ အဲဒီတော့ နှမျောတာပေါ့။ သူတိမ်းပါးသွားတာ မြန်မာ့ကဗျာ လောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါ "
သူ့ကို ၁၉၄၀ ခုနှစ် မတ်လ ၂၁ ရက်နေ့ (ကမ္ဘာ့ကဗျာနေ့မှာ) ဖခင် သခင်တင်ဦးနဲ့ မိခင် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) သူနာပြုဆရာမ ဒေါ်သန်းရင်တို့က မွေးဖွားခဲ့ပါတယ်။ ကဗျာဆရာ မောင်သင်းခိုင်ရဲ့ အမည်အရင်းက ဦးမြင့်ဦး ဖြစ်ပြီး ကျမ်းပြုစာရေးဆရာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ မြေးတော်စပ်သူလည်း ဖြစ်ပါတယ်။
ပျဉ်းမနားကဗျာဆရာအသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဗဟိုကော်မတီဝင်၊ မိုးဝေမဂ္ဂဇင်း ကဗျာအယ်ဒီတာ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ကဗျာအယ်ဒီတာ စတဲ့ အလုပ်တာဝန်တွေ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ တော်လှန်ကဗျာ အများအပြားကိုလည်း ရေးသားခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၆၆ မှာတစ်ကြိမ်၊ ၁၉၇၈ မှာတစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ရမည်းသင်းထောင်၊ မန္တလေးထောင်နဲ့ အင်းစိန်ထောင်တွေမှာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျခံခဲ့ရပါတယ်။
သူရဲ့ တစ်ကိုယ်တော် ကဗျာစာအုပ်တွေဖြစ်တဲ့ "ချစ်သူများကိုတမ်းတခြင်း၊ မမြင်ရတဲ့မြစ် (ဘာသာပြန်ကဗျာများ)၊ အဖြူအမည်း သမိုင်းဘိုင်စကုတ်" စာအုပ်တွေဟာ ထင်ရှားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။