ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ သတင်းမီဒီယာပို့ချပွဲ ပိတ်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားပါတယ်။

ဆီဒိုးနား ဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အတွေ့အကြုံတွေကို အခုလို ပြန်ပြီးမျှဝေခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီသင်တန်းက ရရှိတဲ့ အတွေ့အကြုံတွေကိုလည်း သင်တန်းသားတွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တန်ဖိုးရှိရှိ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။

သင်တန်းပို့ချတဲ့ Community of Democracy Foundation အဖွဲ့ကလည်း သင်တန်းတက်ရောက်ခဲ့သူတွေကို ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။

အခုလ ၁၀ ရက်နေ့ကစပြီး ၅ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီသင်တန်းကို နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သတင်းမီဒီယာသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားလူငယ်တွေ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။