လက်ပံတန်းကကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုအပြီး အဖမ်းမခံရဘဲ လွတ်မြောက်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်တွေထဲက ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုမိုးထက်နေနဲ့ မန္တလေးခရိုင်က ကိုဇန်ဇန် တို့ ၄ ယောက်ကို ရန်ကုန်တိုင်း အလုံမြို့နယ်ကနေ အိမ်တစ်အိမ်မှာ မတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ကျော် အချိန်က ရဲတွေလာရောက်ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။
သူတို့နဲ့အတူ AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နဲ အိမ်ရှင်လို့ယူဆရတဲ့ အမျိုးသမီး ၃ ယောက်ကို လည်းဖမ်းထားပြီး၊ အလုံရဲစခန်းကိုခေါ်သွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုဘိုဘို က RFA ကိုပြောပါတယ်။
"အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် အဖမ်းခံရတဲ့နေရာက အလုံမှာပေါ့၊ အလုံရဲစခန်းကဖမ်းတယ်၊ ည ၁၂ နာရီ ၄၅ မှာဖမ်းတယ်"
ကိုဘိုဘိုနဲ့အတူ မဟန်နီဦးရဲ့ဖခင် ဦးထွန်းဦးနဲ့ မိတ်ဆွေတချို့က ဒီသတင်းရတဲ့အတွက် အကူအညီပေးနိုင်ဖို့ ညတွင်းချင်း အလုံရဲစခန်းကိုလိုက်သွားခဲ့ပေမယ့် တွေ့ခွင့်မရသေးဘူးလို့ ဦးထွန်းဦးက RFA ကိုပြောပါတယ်။
လက်ရှိမှာ မန္တလေးကနေ ရန်ကုန်ကိုချီတက်ခဲ့တဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင်တွေထဲက တချို့အဖမ်းခံထားရပြီး၊ ကျန်သူတွေတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။