ရဲတပ်ဖွဲ့ ရိုက်နှက်တဲ့ အလုပ်သမား သေဆုံးသွားပြီ

0:00 / 0:00

တနင်္သာရီတိုင်း ထားဝယ်မြို့က ဟိုင်းရိုင်ငါးအအေးခန်းစက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာဖြေရှင်း ဖို့ ရောက်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အလုပ်သမား ကိုသက်နောင်ကို ဝိုင်းပြီး အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးလို့ ပြင်းထန်တဲ့ဒဏ်ရာနဲ့ သတိလစ်မေ့မျောပြီး ရန်ကုန်ဆေးရုံကြီး ကိုပို့ခဲ့ပေမယ့် မနေ့က နေ့လည် ၃ နာရီခွဲလောက်က သေဆုံးသွားပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုသက်နောင်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းက အခုလိုပြော ပါတယ်။

"ဆရာမတစ်ယောက်ကိုသွားမေးတော့ ဆရာမက ၂ နာရီ ၅ဝ မှာဆုံးတယ်ဆိုတာတဲ့ သူက လည်ချောင်းထဲ မှာပေါ့နော် လေတွေရှိတုန်းပဲပေါ့၊ လည်ချောင်းထဲမှာ လေတွေရှိတုန်းပဲဆိုရင် ၃ နာရီခွဲလောက်မှာ အသက်ထွက်တယ်လို့ ဆိုလို့ရတယ်"

ကိုသက်နောင် ကိစ္စအတွက် နေပြည်တော်က ရဲအရာရှိတွေ အင်္ဂါနေ့ညမှာ ဆေးရုံကိုရောက်လာပြီး သူတို့ရဲတပ်ဖွဲ့ ကမှားတဲ့အကြောင်း မိသားစုကိုပြောဆိုသလို၊ ကျပ်ငွေ ၁ဝ သိန်းအကူအညီပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေက အဲ့ဒီငွေကို လက်မခံလိုက်ဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုသက်နောင်အတွက် ရည်စူးပြီးလှူတဲ့အနေနဲ့ ဆေးရုံကိုလည်း လှူဖို့ပြန်လည်ပြောဆို လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံမှာ အလုပ်ချိန်အတွင်း အရက်သောက်ခွင့်မပြုကြောင်း ပိုင်ရှင်တရုတ်နိုင်ငံသားက စည်းကမ်းထုတ် ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမယ့် တနင်္လာနေ့ အလုပ်ပြီးချိန်ညဖက်မှာ အရက်သောက်နေတဲ့ အလုပ်သမား ကိုအောင်ဖြိုးလင်းကို ပိုင်ရှင်တရုတ်နိုင်ငံသားက အလုပ်ထုတ်တဲ့အတွက် သူ့ဘက်ကရပ်တည်ပေးတဲ့ ကိုသက်နောင်နဲ့ ပိုင်ရှင်တို့ အချင်းများကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဟိုင်းရိုင် ငါးအအေးခန်းစက်ရုံပိုင်ရှင်က လှမ်းခေါ်လို့ရောက်သွားတဲ့ ရဲတပ်ဖွဲ့က ကိုသက်နောင်ကို ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးရာမှာ ဒဏ်ရာရသတိလစ်သွားတဲ့အတွက် ထားဝယ်ဆေးရုံ ကိုပို့လိုက်ပါတယ်။ အဲ့ဒီကနေ ရန်ကုန်ဆေးရုံကြီးကို လေယဉ်စင်းလုံးငှါးနဲ့ ပို့လိုက်တာဖြစ်ပါပြီး သတိပြန်မလည်တော့ပဲ သေဆုံးသွားတာဖြစ် ပါတယ်။

ကိုသက်နောင် သေဆုံးသွားတဲ့အတွက် သူ့ကိုတုတ်နဲ့ရိုက်ခဲ့တဲ့ ရဲတပ်သား ဟန်လင်းစိုးကို ပုဒ်မ - ၃ဝ၂ လူသတ်မှုနဲ့ အမှုဖွင့်အရေးယူထားပြီး၊ အလုပ်ထုတ်မယ်လို့ ပြောဆိုခံရတဲ့ အလုပ်သမား ကိုအောင်ဖြိုးလင်းကိုလည်း ဝတ္တရားနှောက်ယှက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ အလုပ်သမား ကိုရဲလင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားပါတယ်။